နေပြည်တော် ၁၁ ဒီဇင်ဘာ

မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ခန့်မှန်းချက်နှင့် သတိပေးချက်များ ထုတ်ပြန်ခြင်းစနစ် ဖွံ့ဖြိုးတိုးတတ်စေရေးစီမံကိန်းအရ အလိုအလျောက် မိုးလေဝသတိုင်းတာရေး ကိရိယာများ တပ်ဆင်သည့် လုပ်ငန်းပြီးဆုံး၍ စီမံကိန်းလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ကိုရီးယား မိုးလေဝသအုပ်ချုပ်ရေးဌာနနှင့် ကိုရီးယားမိုးလေဝသ နည်းပညာ အဖွဲ့အစည်းတို့သည် အလိုအလျောက် မိုးလေဝသတိုင်းတာရေး ကိရိယာများ တပ်ဆင်ခြင်းသာမက မြန်မာသင်တန်းသားများကို ကိုရီးယားသို့ဖိတ်ကြား၍ System Operation and Maintenance အတွက် ရေတိုနှင့်ရေရှည်သင်တန်းများ၊ လေ့ကျင့်ရေးအစီအစဉ်များ၊ အချက်အလက် လက်ခံခြင်းစနစ်၊ စုဆောင်းထားသော အချက်အလက်များ ခွဲခြမ်းစိတ်ဖြာမှု၊ စောင့်ကြည့် လေ့လာရေးစနစ်များမှတဆင့် ရာသီဥတုခန့်မှန်းခြင်းနှင့် သတိပေးခြင်းတို့ကို ပိုမိုယုံကြည်စိတ်ချစွာ အသုံးချနိုင်ရန် အထောက်အကူပြုခဲ့ပါကြောင်း။

ယခု စီမံကိန်းသည် ကိုရီးယား - မြန်မာ ချစ်ကြည်ရင်းနှီးမှု၏ အမှတ်အသားတစ်ခုဖြစ်ပြီး အဆင့်မြင့်နည်းပညာကိုအသုံးပြု၍ ရာသီဥတုအခြေအနေများကို စောင့်ကြည့်လေ့လာခြင်းနှင့် သဘာဝဘေးအန္တရာယ် လျှော့ချရေးတွင် အထောက်အကူဖြစ်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကိုရီးယားမိုးလေဝသ အုပ်ချုပ်ရေးဌာနမှ Administrator Mr. Kim Jongseok နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်းဟွာတို့က အမှာစကား ပြောကြားကြသည်။

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်နှင့် ကိုရီးယားမိုးလေဝသ အုပ်ချုပ်ရေးဌာနမှ ဒါရိုက်တာ Mr. Lee Young Seob တို့က စီမံကိန်းလွှဲပြောင်းပေးအပ်ခြင်းဆိုင်ရာ စာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးကြသည်။

သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ခန့်မှန်းချက်နှင့် သတိပေးချက်များ ထုတ်ပြန်ခြင်းစနစ် ဖွံ့ဖြိုးတိုးတက်စေရေး စီမံကိန်းကို အချိန်နှင့်တစ်ပြေးညီ မိုးလေဝသတိုင်းထွာချက်များ၊ သတင်းအချက်အလက်များ ရရှိနိုင်သည့်စနစ် တည်ဆောက်ခြင်းအားဖြင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက တုံ့ပြန်ချက်များဆောင်ရွက်ရာတွင် တိုးတက်စေရန်နှင့် သဘာဝဘေးအတွက် ကြိုတင်သတိပေးစနစ်ကို ခေတ်မီတိုးတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ယင်းကဲသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၌ အလိုအလျောက်  မြေပြင်မိုးလေဝသ တိုင်းထွာရေးစနစ် (Automatic Synoptic Observation System – ASOS) အစုံ (၄၀) ကို တပ်ဆင်ပေးခဲ့ပြီး Data Center ကို နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးချုပ်တွင် တည်ဆောက်ပေးခဲ့ကြောင်း၊ စီမံကိန်းကာလမှာ ၂၀၁၇ ခုနှစ် မတ် ၁ ရက်မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိဖြစ်ပြီး စီမံကိန်း၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၄) သန်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် ဦးသာဦး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကိုရီးယားမိုးလေဝသ အုပ်ချုပ်ရေးဌာနနှင့် ကိုရီးယားမိုးလေဝသ နည်းပညာအဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်