နေပြည်တော်၊ ၃၀ ဒီဇင်ဘာ

 

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ UPR လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ တတိယအကျော့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ၏ သုံးသပ်မှုခံယူရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက မြန်မာနိုင်ငံ၏ UPR တတိယအကျော့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၇ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ UPR လုပ်ငန်းအဖွဲ့ရုံးသို့ ပေးပို့တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းအဖွဲ့၏ (၃၇)ကြိမ်မြောက် အစည်းအဝေးကာလအတွင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် မြန်မာနိုင်ငံ၏ အစီရင်ခံစာအပေါ် သုံးသပ်မှုခံယူခြင်းကို ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ အခြေအနေကြောင့် ဂျီနီဗာရှိ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးက ကိုယ်တိုင်တက်ရောက်၍ မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်အဖွဲ့ဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်မည်ဖြစ်ပါကြောင်း၊ သုံးသပ်မှုခံယူစဉ်အတွင်း  မြန်မာကိုယ်စားလှယ်အဖွဲ့က ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ရမည်ဖြစ်ရာ လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို စီစဉ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပြန်လည်ဖြေကြားမည့် ဌာနနှင့် အကြောင်းအရာများကို ယခုအစည်းအဝေးတွင် ဆွေးနွေးသတ်မှတ်မည်ဖြစ်ပြီး အချက်အလက် ပြည့်စုံစွာဖြင့် သတ်မှတ်ချိန်အတွင်း ထိရောက်စွာ တင်ပြနိုင်ရန် ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသူများက လုပ်ငန်းအစီအစဉ်များ၊ ဖြေကြားမည့် အချက်အလက်များနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 

သတင်းစဉ်