နေပြည်တော် ၃ အောက်တိုဘာ

           

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာန၊ International Finance Cooperation (IFC) နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တို့ ပူးပေါင်းကျင်းပသော မြန်မာနိုင်ငံ၏ ဝက်မွေးမြူထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဝက်မျိုးစိတ်များတွင်သာ လှည့်လည်ကူးစက်နိုင်သည့် အာဖရိကဝက်အပြင်းဖျားရောဂါသည် လူကိုကူးစက်နိုင်သည့်ရောဂါ မဟုတ်သည့်အတွက် ပြည်သူ့ကျန်းမာရေးကို စိုးရိမ်ရန်မလိုအပ်သော်လည်း အိမ်မွေးဝက်များ၊ စီးပွားဖြစ် ဝက်မွေးမြူထုတ်လုပ်သော လုပ်ငန်းများအား ထိခိုက်စေလျက်ရှိကြောင်း၊ နိုင်ငံဖြတ်ကျော်ကူးစက်ခံရခြင်း၊ ဗိုင်းရပ်ပိုးသည် လပေါင်းများစွာ ရှင်သန်နိုင်ပြီး ကူးစက်နှုန်း လျင်မြန်သဖြင့် စီးပွားရေးအရ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေခြင်း၊ ကာကွယ်ဆေးကုသဆေးများ မရှိသေးခြင်းတို့ကြောင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့က အရေးကြီးထိန်းချုပ်ရမည့် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါအဖြစ် သတ်မှတ်ထားသည့် ရောဂါတစ်ခုဖြစ်ကြောင်း။

 

အာဖရိကဝက်အပြင်းဖျားရောဂါသည် အစားအစာဘေးကင်းလုံခြုံရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေးတို့အတွက် အဟန့်အတားဖြစ်စေရုံမျှမက ပြည်သူတို့၏ အသက်မွေးဝမ်းကျောင်းနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးလုပ်ငန်းများကိုပါ ထိခိုက်စေနိုင်သည့် တိရစ္ဆာန် ကူးစက်ရောဂါတစ်မျိုးအဖြစ် ခြိမ်းခြောက်လျက်ရှိရာ မိမိတို့ အထူးဂရုပြုကာကွယ်ထိန်းချုပ်ရန် လိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဒုတိယဉက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် International Finance Cooperation (IFC) မှ Acting Country Manager Ms. AshaniChanuka Alles တို့က ဆွေးနွေးပွဲကျင်းပရခြင်းကို  ရှင်းလင်းပြောကြားကြသည်။

 

ယင်းနောက် အာရှနိုင်ငံများ၏ အာဖရိကဝက်အပြင်းဖျားရောဂါ အတွေ့အကြုံနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၌ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးစီမံချက်များ ဆောင်ရွက်နေမှု၊ ခေတ်မီဇီဝကာကွယ်ရေးစနစ်ရှိသော ဝက်သားထုတ်လုပ်မှုလုပ်ငန်း တည်ဆောက်ရေး၊ လျင်မြန်စွာ ပြန်လည်တည်ဆောက်ရန် အထောက်အပံ့ဖြစ်စေမည့် လုပ်ထုံးလုပ်နည်းများအား ပြည်ပဥပဒေလေ့လာရေးအဖွဲ့က ရှင်းလင်းဆွေးနွေးခြင်း၊ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးခြင်းနှင့် ဆွေးနွေးချက်ရလဒ်များအပေါ် ဝိုင်းဝန်းအကြံပြုသုံးသပ်ခြင်းများကို ဆောင်ရွက်ကြသည်။

 

အာရှနိုင်ငံများ၏ အာဖရိကဝက်အပြင်းဖျားရောဂါ အတွေ့အကြုံများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများကို ဆွေးနွေးခြင်းဖြင့် လူအများပိုမိုသိရှိရန်၊ အကျိုးသက်ဆိုင်သူများ၏ ဆွေးနွေးချက်များနှင့် သဘောတူညီချက်များဖြင့် မြန်မာနိုင်ငံရှိ ဝက်မွေးမြူရေးအပါအဝင် ဝက်သားထုတ်လုပ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် လုပ်ငန်းများ၏  ဆုံးရှုံးနစ်နာမှုများ လျော့ချရန်နှင့် မြန်ဆန်စွာပြန်လည် တည်ဆောက်ရန်တို့ကို ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာန ၊International Finance Cooperation (IFC) နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်း၍ ယနေ့ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရသည်။

 

သတင်းစဉ်