မောင်သာ(ရှေးဟောင်းသုတေသန)၊ ဓာတ်ပုံ ဣန္ဒြေဦး(YU Eco)

ကြာသေးသော နှစ်များမှစ၍ မြန်မာနိုင်ငံ ခရီးသွားများအကြား လူသိများ ထင်ရှားလာသော ပြက္ခရွေတောင်သည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် မြသုခကျေးရွာအနီးတွင် တည်ရှိကာ အင်္ဂလိပ်တို့က ပြက္ခရွေတောင်ထိပ်ကို မြန်မာနိုင်ငံ၏ ဗဟိုချက်နေရာအဖြစ် အသိအမှတ်ပြုခဲ့သည်။ မြန်မာနိုင်ငံကို ဗြိတိသျှတို့ အုပ်ချုပ်ခဲ့စဉ် မြေတိုင်းဌာနသည် အမြင့် ၃၇၃၃ ပေရှိသည့် ပြက္ခရွေတောင်ထိပ်၌ ‘မြန်မာနိုင်ငံ၏ ဗဟိုချက်မနေရာ’ ဟု အမှတ်အသားပြုထားသည့် ကြေးပြားကို စိုက်ထူခဲ့ပြီး ယခုအခါ ယင်းကြေးပြားသည် ပျောက်ဆုံးနေခဲ့ပြီဖြစ်သော်လည်း ‘မြန်မာနိုင်ငံ၏ ဗဟိုချက်မ’ ကျောက်စာတိုင်မှာမူ တောင်ထိပ်ရှိ စွယ်တော်ရှင်စေတီ၏ အနောက်တောင်ဘက်တွင် ယနေ့တိုင် တည်ရှိနေပေသည်

မြန်မာနိုင်ငံ၏ တည်နေရာမြေပုံအညွှန်းသည် မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၂ မိနစ် မှ ၂၈ ဒီဂရီ ၃၁ မိနစ်အထိနှင့် အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၀ မိနစ်မှ ၁၀၁ ဒီဂရီ ၁၁ မိနစ်အထိဖြစ်ပြီး မြန်မာစံတော်ချိန်မျဉ်းကို အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၃၀ မိနစ်ဟု သတ်မှတ်ထားသဖြင့် မြန်မာစံတော်ချိန်သည် ဂရင်းနစ်စံတော်ချိန်ထက် ၆ နာရီ မိနစ် ၃၀ စောသည်။ မြန်မာနိုင်ငံမြေပုံ၏ အလယ်တည့်တည့်နေရာဖြစ်သည့် ပြက္ခရွေတောင်သည် မြေပုံအညွှန်းအရ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၄ မိနစ်တွင် တည်ရှိသည်

သမိုင်းဝင် မြစ်သား

မြစ်သားမြို့သည် ပုဂံဘုရင် အနော်ရထာမင်းကြီး ထူထောင်ခဲ့သည့် လယ်တွင်း ၁၁ ခရိုင်တွင်  ‘မ္လစ်သာခရိုန်ဟူသည့် အမည်ဖြင့် ပါဝင်ခဲ့သည့် ရှေးဟောင်းမြို့တစ်မြို့ ဖြစ်သည်။ ကုန်းဘောင်ခေတ် ဗဒုံမင်းလက်ထက် (ခရစ်နှစ် ၁၇၈၂-၁၈၁၉)တွင် ဇော်ဂျီခရိုင်ရှိ မြောင်လှ၊ မြင်းခုန်တိုင်၊ ပနန်း၊ မြင်စိုး၊ မက္ခရာနှင့် ပန်းလောင်ခရိုင်ရှိ စောလှ၊ ပင်လယ်၊ မြစ်သား၊ ပြည်မနားတို့ကို ပေါင်း၍ လယ်တွင်းကိုးခရိုင်ဟု ဖွဲ့စည်းခဲ့သဖြင့် မြစ်သားသည် ပန်းလောင်လေးခရိုင်မှ လယ်တွင်းကိုးခရိုင်အတွင်းသို့ ရောက်ရှိခဲ့သည်

နိုင်ငံတော်၏ စပါးကျီဖြစ်ခဲ့သော ကျောက်ဆည်လွင်ပြင်သည် ပုဂံခေတ်တွင် လယ်တွင်း ၁၁ ခရိုင်ဟု ထင်ရှားခဲ့ပြီး စမုံ၊ စမာ၊ ဇော်ဂျီ၊ ပန်းလောင်နှင့် ဒုဋ္ဌဝတီမြစ်တို့ ဖြတ်သန်းစီးဆင်းနေသည့် နေရာဖြစ်သည်။ လယ်တွင်း ၁၁ ခရိုင်သည် ကျောက်ဆည် မြို့နယ်အတွင်းရှိ ပနန်၊ တမုတ်၊ မြင်းခုံတိုင်၊ ရွာမုန်းနှင့် သင်တောင်း၊ မြစ်သားမြို့နယ် အတွင်းရှိ ပင်လယ်၊ ပြည်မနားနှင့် မြစ်သာ၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ တပြက်သာ၊ မက္ခရာနှင့် ခံလူးဟူသည့် ခံမြို့ ၁၁ မြို့ကို စုစည်းခေါ်ဆိုခဲ့သည့် အမည်ဖြစ်သည်။

 

ပြည်ထဲရေးဝန်ကြီးဌာန၏ မှတ်တမ်းများတွင် မြစ်သား(မ္လစ်သာ)ဟူသည့် အမည်ကို အနော်ရထာဘုရင်က သမုတ်ခဲ့ကြောင်း ဖော်ပြထားသည်။ အနော်ရထာမင်းသည် ပန်းလောင်မြစ်နှင့် ဇော်ဂျီမြစ်ကို အခြေတည်၍ ကင်းတာဆည်၊ ငလိုင်သေဉ်ဆည်၊ ပြောင်ပြာဆည်၊ ကျီမည်းဆည်၊ နွားတက်ဆည်၊ သင်းတွဲဆည်နှင့် မင်းရဲဆည်တို့ကို တည်ဆောက်ကာ လယ်မြေရှစ်သိန်း ထူထောင်ခဲ့သည်။ ယင်းဆည်များအနက် ကျီမည်းဆည်ကို ပန်းလောင်မြစ်ပေါ်၌ နောက်ဆုံးတည်ဆောက်ခဲ့ရာ အနော်ရထာ မင်းကြီးသည် ဆည်တည်ဆောက်မည့် နေရာကို လက်ဆန့်တန်းညွှန်ပြ၍ မြစ်ကို မျဉ်းသားပြသည်ကို အစွဲပြု၍ မြစ်သားဟု မှည့်ခေါ်ခဲ့ကြောင်း မှတ်တမ်းပြုထားသည်။

တော်လှန်ရေးကောင်စီအစိုးရ လက်ထက်တွင် ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာနသည် လက်ရှိ မြစ်သားမြို့ကို ၁၉၇၂ ခုနှစ် သြဂုတ်လ ၃၁ ရက်က လည်းကောင်း၊ မြို့နယ်အတွင်းပါရှိသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများကို ၁၉၇၃ ခုနှစ် ဇွန် ၁၆ ရက်ကလည်းကောင်း သတ်မှတ်ဖွဲ့စည်းခဲ့ပြီး မြစ်သားမြို့နယ်အတွင်း ရပ်ကွက်ခြောက်ခု၊ ကျေးရွာအုပ်စု ၈၂ ခုနှင့် ကျေးရွာ ၂၃၃ ရွာ တည်ရှိသည်။

မြစ်သားမြို့သည် ကျောက်ဆည်မြို့မှ တောင်ဘက်သို့ ၁၆ မိုင်နှင့် မန္တလေးမြို့မှ တောင်ဘက်သို့ ၄၈ မိုင်အကွာတွင် တည်ရှိနေကာ အရှေ့မှအနောက်သို့ မိုင် ၂၀၊ တောင်မှမြောက်သို့ ၁၇ ဒသမ ၅ မိုင် ရှည်လျားသည်။ ဧရိယာ ၃၄၂ ဒသမ ၆၃ စတုရန်းမိုင် ကျယ်ဝန်းသည့် မြစ်သားမြို့နယ်သည် အရှေ့ဘက်တွင် ရွာငံမြို့နယ်၊ အနောက်ဘက်တွင် နွားထိုးကြီးမြို့နယ်၊ အနောက်တောင်ဘက်တွင် ဝမ်းတွင်းမြို့နယ်၊ မြောက်ဘက်တွင် ကျောက်ဆည်မြို့နယ်နှင့် အနောက်မြောက်ဘက်တွင် တံတားဦး မြို့နယ်တို့နှင့် ထိစပ်နေသည်။

မြစ်သားမြို့နယ်အတွင်း၌ ပန်းလောင်မြစ်သည် အရှေ့မှအနောက်သို့၊ စမုံမြစ်သည် တောင်မှမြောက်သို့ စီးဆင်းနေကာ ကုန်းမြင့်တောင်တန်းများအဖြစ် ပြက္ခရွေ၊ ပလ္လင်ဂူ၊ ရွှေမင်းဝံနှင့် မုန်တောင်များ တည်ရှိသည်။ မြို့နယ်ဧရိယာအတွင်း ကြိုးဝိုင်း သစ်တောနှစ်ခု ရှိသည့်အနက် ပြက္ခရွေကြိုးဝိုင်းသစ်တောသည် ၁၃၇၀ဝ ဒသမ ၅၂ ဧက ကျယ်ဝန်း၍ မောင်းကွေးကြိုးဝိုင်းသစ်တောမှာ ၈၃၂၀ ဧကသာ ကျယ်ဝန်းသည်။

မြစ်သားမြို့နယ်အတွင်းရှိ ကူမဲမြို့မှ အရှေ့တောင်ဘက် ငါးမိုင်အကွာတွင် တည်ရှိသည့် ပျူမြို့ဟောင်း မိုင်းမော (ပင်လယ်) ၏ မြို့ရိုးအကြွင်းအကျန်များနှင့် မြို့ဟောင်း တူးဖော်မှုကုန်း ၂၀ သည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသည့် ရှေးဟောင်းအဆောက်အအုံများ ဖြစ်ကြသည်။ မြစ်သားမြို့ပေါ်ရှိ ရွှေမုဋ္ဌောစေတီတော် အပါအဝင် မြစ်သားမြို့နယ်အတွင်းမှ ထင်ရှားသော ဘုရားစေတီ ၁၀ ဆူအနက် ပြက္ခရွေတောင်ပေါ်ရှိ စွယ်တော်စေတီသည်လည်း တစ်ဆူအပါအဝင်ဖြစ်သည်။

ပြက္ခရွေ

ပြက္ခရွေသည် ပြတ်တောင်နှင့် ခရွေတောင်နှစ်လုံးကို ပေါင်းစပ်ခေါ်ဝေါ်ထားသည့် အမည်ဖြစ်ကာ တောင်တော်ကြီးဟုလည်း ထင်ရှားသည်။ ဒေသတွင်းနေသူများက ပြက္ခရွေကို အရှေ့တောင်ကြီးနှင့် အနောက်တောင်ကြီးဟုလည်းကောင်း၊ ပြက္ခရွေ အရှေ့တောင်၊ ပြက္ခရွေ အနောက်တောင်ဟုလည်းကောင်း ခေါ်ဆိုကြသည်။ အရှေ့ ဘက်တောင် (ခရွေ) သည် ပင်လယ်ရေ မျက်နှာပြင်အထက် ၃၅၅၉ ပေမြင့်ကာ အနောက်ဘက်တောင် (ပြတ်တောင်) သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၇၃၃ ပေ မြင့်သည်

ပြက္ခရွေတောင်သို့ ရောက်ရှိရန် ရန်ကုန်-မ္တလေး အမြန်လမ်းဟောင်းပေါ်ရှိ ကူမဲမြို့မှ လက်ယာဘက်သို့ ချိုးဝင်၍ ကင်းတားဆည်သို့ သွားသည့်လမ်းအတိုင်း ကိုးမိုင်ခန့် သွားကြရသည်။ ကူမဲမြို့၏ အရှေ့တောင်ဘက် ယွန်းယွန်းရှိ ခဝဲဖြူချောင်း တံတားနှင့် သဲဖြူတံတားတို့ကို ကျော်ဖြတ်၍ လက်ယာဘက်သို့ချိုးကာ ကင်းတား လက်ဝဲတူးမြောင်းမကြီးအတိုင်းသွားလျှင် ကော်ဖီခြံတံတားထိပ်သို့ ရောက်ရှိမည်ဖြစ်ပြီး ယင်းနေရာမှ လက်ဝဲဘက်သို့ချိုးဝင်သွားလျှင် ပြက္ခရွေတောင်ခြေသို့ ရောက်ရှိ သည်။ တောင်ခြေတွင် ကားရပ်နားစခန်းရှိသည်။

ပြက္ခရွေကျေးရွာအနီးရှိ တောင်ခြေစောင်းတန်းထိပ်တွင် မော်တော်ကားများ၊ ဆိုင်ကယ်များ ထားခဲ့၍ စောင်းတန်းတစ်လျှောက် မြေသားလမ်းအတိုင်းတက်ကာ လမ်းရှိ မောနားဘုန်းကြီးကျောင်းမှတစ်ဆင့် တောလမ်းအတိုင်း တောင်ထိပ်သို့ တက်ရောက်ကြရသည်။ ဆိုင်ကယ်ဖြင့်တက်သူများသည် တောင်တက်ခရီး မိုင်ဝက်အထိ စီးနင်းသွားနိုင်ကြပြီး ကျန်ခရီးကို ခြေကျင် ဆက်တက်ကြရသည်။ ပြက္ခရွေ တောင်ခြေမှ တောင်ထိပ်အထိ သုံးနာရီကျော် ခြေကျင်တက်ကြရသည်။

ပြက္ခရွေ၏ ထင်ရှားသောနေရာများ

ပြက္ခရွေတောင်ထိပ်တွင် မြန်မာနိုင်ငံ၏ ဗဟိုချက်နေရာဟု သတ်မှတ်ထားသည့် အဝိုင်းပုံ အုတ်ပန္နက်ကို မြင်နိုင်ကြသည်။ ထို့အတူ အနော်ရထာမင်း တည်ခဲ့သည့် ပဉ္စမမြောက်စွယ်တော်စေတီဟု ယူဆကြသည့် စေတီတော်ကိုလည်း ဖူးတွေ့ ကြရပေသည်။ ပုဂံရှိ စွယ်တော်လေးဆူ စေတီတော်များသည် ယခင်ကပင် ပြည်တွင်းပြည်ပ ခရီးသွားများအကြား ထင်ရှားလူသိများခဲ့ပြီး ပြက္ခရွေစွယ်တော်စေတီသည်လည်း ယခင်ကထက် ပိုမိုထင်ရှားလာလျက်ရှိသည်။

ပြက္ခရွေတောင်သို့ တက်ရောက်ကြသူများသည် တောင်ခြေမှ မိုင်ဝက်ကွာဝေးပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၀၅၈ ပေတွင်ရှိသည့် မောနားကျောင်းအထိ ဆိုင်ကယ်ဖြင့် တက်ရောက်နိုင်သည်။ ပုဂံဘုရင် အနော်ရထာမင်းကြီး အဓိဋ္ဌာန်ပြု၍ စေလွှတ်ခဲ့သည့်ဆင်သည် ဘုရားရှင်၏စွယ်တော်ကို ပင့်ဆောင်၍ ပြက္ခရွေတောင်ပေါ်သို့ တက်ခဲ့စဉ် မောပန်းသဖြင့် နားခဲ့သောနေရာသည် မောနားကျောင်းနေရာဟု ယူဆကြသည်။ မောနားကျောင်းသည် ပြက္ခရွေ အရှေ့တောင်နှင့် အနောက်တောင်အကြား လွင်ပြင်နေရာတွင် တည်ရှိပြီး တောင်ပေါ်သို့တက်ကြသည့် ခရီးသွားများသည် မောနားကျောင်းတွင် ခေတ္တနားပြီးမှ တောင်ပေါ်သို့ ဆက်တက်လေ့ရှိကြသည်။

တောင်တက်လမ်းတွင် ဗောင်းတော်ကျစေတီကို ဖူးတွေ့ကြရသည်။ ပြက္ခရွေ တောင်ပေါ်သို့ ဘုရားရှင်၏ စွယ်တော်ပွားကို ပင့်သွားသည့် အဓိဋ္ဌာန်ဆင်တော် တက်သွားပုံကို ကြည့်နေခဲ့သည့် အနော်ရထာမင်းကြီးသည် ထိုနေရာတွင် ဗောင်းတော် ပြုတ်ကျခဲ့ရာမှ ဗောင်းတော်ကျဟု အမည်တွင်ခဲ့ကြောင်း အစဉ်အဆက် ယုံကြည် ခဲ့ကြသည်။ ယင်းနေရာတွင် စေတီတော်တစ်ဆူကို တည်ထားခဲ့ရာ ဗောင်းတော်ကျ စေတီဟု ဘွဲ့မည်တွင်ခဲ့သည်။

မောနားကျောင်းအနီးတွင် မြင်တွေ့ ကြရသည့် နှစ်ထပ် အုတ်တိုက်နှစ်လုံးမှာမူ ဗြိတိသျှအစိုးရလက်ထက်က မြေတိုင်းအဖွဲ့များနေခဲ့သည့် အဆောက်အအုံများဟု ယူဆရကြောင်း မောနားကျောင်းဆရာတော်က ရှင်းပြခဲ့သည်။

စွယ်တော်လေးဆူ

အနော်ရထာမင်းကြီး တည်ထားခဲ့သည့် စွယ်တော်လေးဆူ စေတီတော်များမှာ ရွှေစည်းခုံစေတီ၊ လောကနန္ဒာစေတီ၊ တန့်ကြည့်တောင်စေတီနှင့် တုရင်တောင် စေတီတို့ ဖြစ်ကြကာ မြန်မာဗုဒ္ဓဘာသာဝင်များသည် စွယ်တော်မြတ်လေးဆူကို တစ်နေ့တာအတွင်း ဖူးမြော်၍ လှူဖွယ်ပစ္စည်းများကို အညီအမျှ ကပ်လှူကာ တူညီသောဆုကို တောင်းပါက တောင်းဆုပြည့်ဝသည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့်လည်း ဗုဒ္ဓဘာသာဝင် ဘုရားဖူးများသည် ပုဂံရှိ စွယ်တော်လေးဆူသို့ နေ့စဉ်နီးပါး သွားရောက်ဖူးမြော်လျက်ရှိကြသည်။

ရာဇဝင်မှတ်တမ်းပြုစုခဲ့သူများက စွယ်တော်လေးဆူတွင် ဘုရားရှင်၏ စွယ်တော်ပွား တစ်ဆူစီကို ဌာပနာခဲ့ကြောင်း ရေးသားခဲ့ကြသည်။ စွယ်တော်လေးဆူအနက် မြေပြန့်စေတီ နှစ်ဆူဖြစ်သည့် ရွှေစည်းခုံနှင့် လောကနန္ဒာတို့သည် ညောင်ဦးနှင့် ပုဂံတွင် တည်ရှိပြီး တောင်ပေါ်စေတီနှစ်ဆူသည် ညောင်ဦးနှင့် ကျောက်ပန်းတောင်း အကြားရှိ တုရင်တောင်နှင့် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ တန့်ကြည့်တောင်ပေါ်တွင် တစ်ဆူစီ တည်ရှိနေကြသည်။

အနော်ရထာမင်းသည် သီဟိုဠ်ကျွန်းမှ ပထမ ဝိဇယဗာဟုမင်း အလှူခံခဲ့သည့် ပိဋကတ်သုံးပုံ၊ ရဟန်းသံဃာတော်များနှင့် ဆင်ဖြူတော်တစ်စီးကို ပေးအပ်ခဲ့သဖြင့် သီဟိုဠ်ဘုရင်က ကျေးဇူးတုံ့ပြန်သောအားဖြင့် ဗုဒ္ဓစွယ်တော်အစစ်မှ ပွားထားသည့် စွယ်တော်ပွားတစ်ဆူကို ဓမ္မလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့သည်။

အနော်ရထာမင်းကြီးသည် ယင်းစွယ်တော်ပွားကို ရွှေစည်းခုံစေတီတွင် ဌာပနာခဲ့ပြီး စွယ်တော်တစ်ဆူ ထပ်မံပွား၍ ဆင်ဖြူတော်ပေါ်တင်ကာ အဓိဋ္ဌာန်ဖြင့် စေလွှတ်ခဲ့ရာ ဆင်ဖြူတော်က တန့်ကြည့်တောင်ပေါ်တွင် ဝပ်ခဲ့သည်။ အနော်ရထာသည် စွယ်တော်တစ်ဆူ ထပ်ပွား၍ ထပ်မံစေလွှတ်ပြန်ရာ ဧရာဝတီမြစ်ကမ်း သင်္ဘောဆိပ် အနီး ကုန်းမြင့်တွင် ဝပ်ခဲ့သည်။ ထိုမှတစ်ဖန် စွယ်တော်တစ်ဆူထပ်ပွား၍ စေလွှတ်ခဲ့သည့် ဆင်ဖြူတော်သည် တုရင်တောင်တွင် ဝပ်ခဲ့ပြန်သည်။

အနော်ရထာမင်းသည် ဆင်ဖြူတော်ဝပ်ခဲ့သည့် နေရာလေးခုတွင် စွယ်တော် တစ်ဆူစီကို ဌာပနာ၍ စေတီတစ်ဆူစီ တည်ထားခဲ့ရာ စွယ်တော်လေးဆူအဖြစ် ထင်ရှားခဲ့သည်။

စွယ်တော်လေးဆူအနက် လောကနန္ဒာစေတီကို ခရစ်နှစ် ၁၀၅၉ ခုနှစ်၊ ရွှေစည်းခုံ စေတီကို ခရစ်နှစ် ၁၀၆၀ ပြည့်နှစ်တွင် တည်ထားခဲ့သဖြင့် ယင်းစေတီတော်များ၏ သက်တမ်းသည် နှစ် ၁၀ဝ၀ နီးပါး ရှိနေကြပြီဖြစ်ပေသည်။ တန့်ကြည့်တောင်နှင့် တုရင်တောင်ပေါ်တွင် တည်ခဲ့သည့် စွယ်တော်စေတီတော်များသည် မူလလက်ရာများ မကျန်ရှိတော့ဘဲ စေတီအသစ်များအဖြစ် ပြောင်းလဲနေကြပြီဖြစ်ပေသည်။

ပဉ္စမမြောက် စွယ်တော်စေတီ

အနော်ရထာမင်းကြီးသည် သီဟိုဠ်ဘုရင် ဓာတုသေနမင်းထံမှ လက်ဆောင်ပဏ္ဏာများနှင့်အတူ ဘုရားရှင်၏ လက်ဝဲဘက် အောက် စွယ်တော်ပွားတစ်ဆူကို ရရှိခဲ့သည်ဟု ဆိုကြသည်။ ထို့နောက် မင်းကြီးသည် ယင်းစွယ်တော်ကို ဌာပနာပြု၍ စေတီတစ်ဆူတည်နိုင်ရန် ဆင်ပေါ်သို့တင်ပြီး အဓိဋ္ဌာန်ပြုကာ စေလွှတ်ခဲ့သည်။ အဓိဋ္ဌာန်ဆင်သည် ယခု မြစ်သားမြို့နယ်သို့ ရောက်ရှိလာကာ မြစ်သားမြို့နယ်အတွင်းရှိ တောင်ပေါ်သို့ စွယ်တော်ကို ပင့်ယူသွားခဲ့ရာ ယခုပြတ်တောင်တွင် ရပ်နားမည်ပြုပြီးမှ မဝပ်ဘဲ ဆက်သွားခဲ့သဖြင့် ပျက်တောင် (ပြတ်တောင်) ဟုလည်းကောင်း၊ ခရွေတောင်နေရာတွင်လည်း မရပ်နားခဲ့သဖြင့် ဝပ်လျောင်းရန် ပျက်ကွက်သည်ဟု ဆိုကာ ချွတ်ယွင်းတောင် (ခရွေတောင်) ဟုလည်းကောင်း အမည်ပေးခဲ့ကြောင်း အစဉ်အဆက် ပြောဆိုခဲ့ကြသည်။ ပြတ်တောင်နှင့် ချွတ်ယွင်းတောင် အမည်နှစ်ခု ကိုပေါင်း၍ ပြတ်ချွတ်ယွင်းတောင်ဟု ခေါ်ဆိုကြရာမှ ကာလ ကြာညောင်းလာချိန်တွင် ပြက္ခရွေဟု ပြောင်းလဲခဲ့ကြောင်းလည်း အဆိုများရှိခဲ့သည်။

ထို့ကြောင့် အနော်ရထာမင်းကြီးသည် ပြက္ခရွေတောင်ထိပ်တွင် ပဉ္စမမြောက် စွယ်တော်မြတ်စေတီကို တည်ထားခဲ့သည်ဟု ဒေသခံများက ယုံကြည်ခဲ့ကြသည်။ ပြက္ခရွေ စွယ်တော်မြတ်စေတီ ဘုရားပွဲကို နှစ်စဉ်သီတင်းကျွတ်လဆန်း ၁၃ ရက်မှ သီတင်းကျွတ် လပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိရာ မြစ်သားမြို့နယ်အတွင်း ထင်ရှားသော ဘုရားပွဲတော်တစ်ခု ဖြစ်ပေသည်။

စွယ်တော်စေတီနှင့်စပ်လျဉ်းသည့် ခိုင်မာသော အထောက်အထားများ မတွေ့ရှိရ သေးသော်လည်း မြန်မာနိုင်ငံ၏ ဗဟိုချက်မဖြစ်သည့် ပြက္ခရွေတောင်သို့ ခရီးသွားများ နှစ်စဉ် သွားရောက်လေ့ရှိရာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာလျက်ရှိသည်။ ပြက္ခရွေသို့ ရောက်ရှိလာကြသူများသည် သဘာဝတောလမ်းများအတိုင်း ပေ ၃၀ဝ၀ ကျော်မြင့်သည့် တောင်ပေါ်သို့ တက်ရခြင်းကို နှစ်ခြိုက်သဘောကျလေ့ရှိ ကြသကဲ့သို့ တောင်ထိပ်တွင် တည်ထားသည့် စွယ်တော်စေတီတော်ကို ဖူးမြော်ရခြင်းကိုလည်း ပီတိဖြစ်လေ့ရှိကြပေသည်။

ယခုအချိန်တွင် ပြက္ခရွေတောင်တက်သည့် ခရီးလမ်းတွင် မည်သည့်ဈေးဆိုင်မှ မရှိသေးသဖြင့် တောင်တက်ကြသူများသည် သောက်ရေသန့်မှစ၍ စားသောက် ဖွယ်ရာများကို ယူဆောင်သွားကြရသည်။

‘မြန်မာနိုင်ငံ၏ ဗဟိုချက်မ’ အမှတ်အသား တည်ရှိသည့် ပြက္ခရွေတောင်ပေါ်သို့ လာရောက်လည်ပတ် လေ့လာသူများ တိုးတက်များပြားလာသည်နှင့်အမျှ ဒေသ၏ ခရီးသွားလုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးလာကာ ဒေသနေပြည်သူများ၏ လူမှုစီးပွား ဘဝများသည်လည်း တိုးတက်လာမည်ဖြစ်ပေသည်။

မြန်မာ့အလင်း

mdn