ရန်ကုန် ဖေဖော်ဝါရီ ၂၀
မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်က ကြီးမှူး၍ SAE PAING Development Ltd. နှင့် Phyo Si Thu Teak Plantation (Myanmar)တို့က အဓိကကူညီပံ့ပိုးသော ၂၀၂၆ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ပထမပွဲစဉ်ဖြစ်သော မျိုးဆက် သစ် လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲ နောက်ဆုံးနေ့နှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက်က ရန်ကုန်မြို့ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ပြုလုပ်သည်။
နောက်ဆုံးနေ့ ပွဲစဉ်များအပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ Junior Golf Myanmar တွဲဖက်အတွင်းရေးမှူး ဦးချစ်ဆွေက ပြိုင်ပွဲလက်ခံကျင်းပပေးသော ရန်ကုန်ဂေါက်ကွင်းအား အမှတ်တရဂုဏ်ပြုလက်ဆောင်ပေးအပ်ရာ ရန်ကုန်ဂေါက်ကွင်း အထွေထွေမန်နေဂျာ ဦးသိန်းဇော်ဝေက လက်ခံရယူသည်။ ထို့နောက် SAE PAING Development Ltd. မှ ဦးကောင်းထက်ကျော်က Junior အဆင့် အသက် ၁၂ နှစ်အောက် (အမျိုးသား)သက်တမ်းတွင် ၃၀၆ ချက်ဖြင့် တတိယဆုရရှိသော ဘုန်းမြတ်ကျော်၊ ၂၈၈ ချက်ဖြင့် ဒုတိယဆုရရှိသော ကောင်းခန့်ဇော်၊ ၂၆၄ ချက်ဖြင့် ပထမဆု ရရှိသော အောင်စိုးထွန်းတို့ကို လည်းကောင်း၊ SAE PAING Development Ltd. မှ ဒေါ်စုပိုက်က အသက် ၁၈ နှစ်အောက်(အမျိုးသမီး)သက်တမ်းတွင် အချက် ၂၆၀ ဖြင့် ဒုတိယဆုရရှိသော Choi Hui ၊ ၂၁၇ ချက်ဖြင့် ပထမဆုရရှိသော ချိုသာအောင် တို့ကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့် သည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် Junior Golf Myanmar (JGM)ဥက္ကဋ္ဌ ဦးအောင်ကိုဇော်က ၁၈ နှစ်အောက်(အမျိုးသား) သက်တမ်းတွင် ၂၄၄ ချက်ဖြင့် ပဉ္စမဆုရရှိသော ခန့်ဘုန်းလျန်၊ ၂၄၃ ချက်ဖြင့် စတုတ္ထဆုရရှိသော ကျော်သံလွင် ဟိန်း၊ ၂၃၇ ချက်ဖြင့် တတိယဆုရရှိသော Choi Hwan၊ ၂၃၅ ချက်ဖြင့် ဒုတိယဆုရရှိသော နိုင်ဦးကို တို့အား ဆုများပေးအပ်ချီးမြှင့်သည်။ ယင်းနောက် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးက အသက် ၁၈ နှစ်အောက်သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၂၃၁ ချက်ဖြင့် ပထမဆု ရရှိသော ဆက်နိုင်အောင်အား ဆုပေးအပ်ချီးမြှင့်သည်။
ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်ကြာပြုလုပ်ခဲ့ပြီး Alpine သောက်ရေသန့်နှင့် Burmese Golf(BG)တို့က ထပ်မံပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - MGF


