နေပြည်တော် ၄ ဧပြီ
မြန်မာနိုင်ငံ ဂြိုဟ်တုစနစ်တည်ထောင်ရေးအတွက် ဦးဆောင်ကော်မတီ၏ လမ်းညွှန်ချက်များအားအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ(၄)ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂)အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က အမှာစကား ပြောကြားရာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း ဝန်ဆောင်မှုများကို စတင်ရရှိမည့် Myanmar Sat-2 အားထိရောက်အကျိုးရှိစွာအသုံးပြုနိုင်ရေး၊ ဦးစီးပေးဆောင်ရွက်ရန်ဖြစ်သည့် မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တုလွှတ်တင်နိုင်ရေးကို ဆပ်ကော်မတီဖွဲ့စည်းထားပြီးဖြစ်၍ ဆောလျင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ Space Agency ဖွဲ့စည်းဆောင်ရွက်ရေး တို့ကိုအကောင် အထည်ဖော်ဆောင်ရွက်ရန် ပြောကြားသည်။
၎င်းနောက် အစည်းအဝေးတက်ရောက်လာသည့် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင် ရေးလုပ်ငန်းကော်မတီဝင်များ၊ မြန်မာနိုင်ငံဂြိုဟ်တုထရန်စပွန်ဒါငှားရမ်းရေးဆပ်ကော်မတီ၊ မြန်မာ နိုင်ငံဂြိုဟ်တုစနစ်ဆိုင်ရာဥပဒေရေးရာနှင့်လုပ်ထုံးလုပ်နည်းဆပ်ကော်မတီ၊ မြန်မာနိုင်ငံဂြိုဟ်တု ဆိုင်ရာနည်းပညာဆပ်ကော်မတီ၊ မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တုလွှတ်တင်ရေးဆပ်ကော်မတီဝင်များက ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အကောင်အထည်ဖော်ရန် ညှိနှိုင်းဆောင်ရွက်ပေးရန်များ၊ ဦးဆောင်ကော်မတီသို့ ဆက်လက်တင်ပြခွင့်ပြုချက်ရယူရန် ကိစ္စရပ်များတို့ကိုဆွေးနွေး တင်ပြခြင်းအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များညှိနှိုင်းဆုံးဖြတ်၍ အောင်မြင်စွာ ဆောင်ရွက်သွား နိုင်ရေးအတွက် ဖြည့်စွက်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)


