နေပြည်တော်၊ ဇူလိုင် ၇

မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး (ဗဟို) က ကျင်းပသည့် (၁၄) ကြိမ်မြောက် သက်ကြီး ဟာသ ပညာရှင်များအား  ဂါရဝပြုကန်တော့ပွဲနှင့်   ဟာသပညာ ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ Plenary Hall ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်း၊   ဒုတိယဝန်ကြီးများဖြစ်ကြသည့်  ဦးရဲတင့်နှင့် ဗိုလ်ချုပ်ဇော်မင်းထွန်း၊   ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကန်တော့ခံ သက်ကြီးဟာသပညာရှင်များ၊ မြန်မာနိုင်ငံဟာသ ပညာရှင်များ အစည်းအရုံး (ဗဟို) မှ နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဟာသပညာရှင်များ၊ အနုပညာနယ်ပယ်အသီးသီးမှ အနုပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံဟာသပညာ ရှင်များအစည်းအရုံး(ဗဟို)မှ အဖွဲ့ ဝင်များက အစည်းအရုံး၏ Theme Song ဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ကြသည်။ ထို့နောက် မြန်မာနိုင်ငံဟာသ ပညာရှင်များ အစည်းအရုံး(ဗဟို)ပေါ်ပေါက်လာပုံ မှတ်တမ်းဗီဒီယို ကို ပြသသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အခမ်းအနားကျင်းပမှုနှင့် စပ်လျဉ်း၍ မုဒိတာစကားပြောကြားရာတွင် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)အနေဖြင့် သက်ကြီး ဟာသပညာရှင်ကြီးများကို နှစ်စဉ်ပူဇော်ကန်တော့ခဲ့သည်မှာ ယခုဆိုရင် (၁၄)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများကို ပူဇော်ကန်တော့ခြင်းသည် ကောင်းမွန်သောမင်္ဂလာ တရားတော်နှင့်အညီ ပြုလုပ်ကြသည့် အစဉ်အလာကောင်းတစ်ခုဖြစ်သည့်အတွက် သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲများကို မြန်မာ့ယဉ်ကျေးမှုအနေဖြင့် အစဉ်ထာဝရ ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း။

ဟာသ လူရွှင်တော်ကြီးများသည် မိမိတို့နိုင်ငံ၏ ဘာသာ၊ သာသနာနှင့် တိုင်းပြည်အကျိုးကို တတ်စွမ်းသရွေ့ ကျရာကဏ္ဍမှ ဟာသပညာဖြင့် စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိကြောင်း၊ သက်ကြီး ဟာသပညာရှင်များအနေဖြင့်လည်း မိမိတတ်ကျွမ်းသည့် အသိပညာ၊ အတတ်ပညာများကို လူငယ်မျိုးဆက်သစ်များအား ဟာသပညာအပါအဝင် မြန်မာ့အနုသုခုမပညာရပ်များကို သင်ကြား ပေးလျက်ရှိကြောင်း၊ ရုပ်ရှင်ဇာတ်ကားများကို ပါဝင်သရုပ်ဆောင်ရာတွင်လည်း ဟာသ အခန်းများတွင်သာမက ကျရာဇာတ်ရုပ်များတွင် ပီပြင်စွာ သရုပ်ဆောင်နိုင်ခြင်း၊ ပြည်သူများ၏ စိတ်ညစ်ညူးမှုများ၊ အဆင်မပြေမှုများကို ပျော်ရွှင်စေအောင် ဟာသပညာဖြင့် စွမ်းဆောင်မှု ပေးခြင်းများ ဆောင်ရွက်နေကြကြောင်း။

အသက်အရွယ်ကြီးမြင့်သည့် ဟာသပညာရှင်ကြီးများသည်လည်း အသက်အရွယ်ကြီးမြင့် သည့်တိုင် အနားယူမှုမရှိဘဲ မိမိတို့ ဝါသနာပါသည့် ပြည်သူ့အကျိုးပြု အနုပညာလှုပ်ရှားမှုများကို ဆောင်ရွက်နေသကဲ့သို့ လူမှုရေးနယ်ပယ်တွင်လည်း ပရဟိတလုပ်ငန်းများကို ကြိုးစား ဆောင်ရွက်နေသည်ကို တွေ့မြင်ရကြောင်း။

ယခုကဲ့သို့ တက်တက်ကြွကြွဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆောင်ရွက်ပေးနေသည့် ဟာသ ပညာရှင်ကြီးများကို နိုင်ငံတော်အနေဖြင့်လည်း စွမ်းဆောင်မှု ဆိုင်ရာ ချီးမြှင့်သည့် ဂုဏ်ထူးဆောင် တံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ဟာသပညာရှင်များအနေဖြင့် မိမိတို့တတ်စွမ်းသည့် ပညာရပ်များကို နိုင်ငံ့အရေးနှင့် ပြည်သူများအတွက် ဆက်လက်စွမ်းဆောင်ပေးစေလိုကြောင်း၊ ပြည်သူများ၏ ဘဝအမောများကို ဖြေသိမ့်ပေး၍ ပြုံးပျော်ရွှင်စေသူများမှာ ဟာသပညာရှင်များပင် ဖြစ်ကြောင်း၊ ဟာသပညာရှင်များအနေဖြင့် အနာဂတ်တွင် ပြည်သူများ ပျော်ရွှင်စေရန် အနုပညာ စွမ်းအားဖြင့် ဆောင်ရွက်ပေးစေလို ကြောင်း၊ ရည်ရွယ်ချက်ကောင်း ကောင်း၊ လှုပ်ရှားဆောင်ရွက်မှု ကောင်းကောင်းဖြင့် ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းကြီး အနေဖြင့် ယခုထက်ပိုပြီး နိုင်ငံ့ အကျိုး၊ ပြည်သူ့အကျိုး၊ အနုပညာအကျိုးများ ဆက်လက်ဆောင်ရွက်နိုင်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ခုနှစ် အတွက် “ဟာသပညာထူးချွန်ဆု” ၊ “ဟာသပညာ ပံ့ပိုးမှုထူးချွန်ဆု”၊ “ဟာသပညာဖန်တီးမှုထူးချွန်ဆု” နှင့် “ပရဟိတထူးချွန်မှုဂုဏ်ပြု မှတ်တမ်းလွှာ”များ ချီးမြှင့်အပ်နှင်း ပွဲအခမ်းအနားကို ဆက်လက် ကျင်းပသည်။

ဦးစွာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဟာသပညာ ထူးချွန်ဆု”ရရှိသည့် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်ခင်လှိုင်နှင့် မြင့်မြတ်တို့ကိုလည်းကောင်း၊ “ပရဟိတထူးချွန်မှု ဂုဏ်ပြု မှတ်တမ်းလွှာ” ရရှိသည့် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ထူးခန့်ကျော်ကိုလည်းကောင်း ထူးချွန်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ပြီး မြန်မာနိုင်ငံဟာသ ပညာရှင်များအစည်းအရုံး ဥက္ကဋ္ဌ ဦးဒိန်းဒေါင်အား ဂုဏ်ပြုအမှတ်တရ ပစ္စည်း ပေးအပ်ချီးမြှင့်သည်။

ထို့နောက် “ဟာသပညာထူးချွန်ဆု” နှင့် “ပရဟိတထူးချွန်မှုဂုဏ်ပြု မှတ်တမ်းလွှာ” ရရှိကြသူများက ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားကြသည်။ ယင်းနောက် ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် ယဉ်လတ်နှင့် ပုဏ္ဏမီတို့က “ညီလေး” သီချင်းဖြင့်လည်းကောင်း၊ ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် စိုးသူက “ကြည်ဖြူပါ” သီချင်းဖြင့်လည်းကောင်း၊ အငြိမ့်မင်းသမီး ကေတုမတီဘိုမ က “ထန်းရွက်ပုတီး” သီချင်းဖြင့် လည်းကောင်း သီဆိုဖျော်ဖြေကြ သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်က “ဟာသပညာထူးချွန် ဆု” ရရှိခဲ့ကြသည့် အနုပညာရှင် မာမီသက်နှင့် မိုးညိုတို့ကိုလည်းကောင်း၊ “ဟာသပညာပံ့ပိုးမှု ထူးချွန်ဆု” ရရှိသည့် အနုပညာရှင် အုန်းဒိုင်းကို လည်းကောင်း ထူးချွန် ဆုများပေးအပ်ချီးမြှင့်ရာ ဆုရရှိသူများက ကျေးဇူးတင်စကားများ ပြောကြားကြသည်။

ထို့နောက် ဖိုက်စတားအဖွဲ့မှ စိတ်ရယ်မောပျော်ရွှင်ဖွယ်ရာ ဟာသပြက်လုံးများဖြင့်လည်းကောင်း၊ နိုင်ငံကျော်အနုပညာရှင်များက တေးသီချင်းများဖြင့်လည်းကောင်း သီဆိုဖျော်ဖြေ တင်ဆက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက “ဟာသပညာဖန်တီးမှု ထူးချွန်ဆု” ရရှိခဲ့ကြသည့် အနုပညာရှင် ချစ်ချော၊ ပေါ်ဦး၊ ဒါရိုက်တာကိုဇော်(အရုဏ်ဦး)နှင့် ဒါရိုက်တာ မောင်သီတို့ကို ဆုများပေးအပ် ချီးမြှင့်ပြီး ဆုရရှိသူများကိုယ်စား ကိုဇော် (အရုဏ်ဦး) က ကျေးဇူး တင်စကား ပြောကြားသည်။

ထို့နောက် နိုင်ငံကျော်အနုပညာရှင်များ၊ အဆိုတော်များနှင့် ဟာသအနုပညာရှင်များက တေး သီချင်းများ၊ ရယ်မောပျော်ရွှင်ဖွယ် ဟာသပြက်လုံးများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။

ယင်းနောက် မြန်မာနိုင်ငံဟာသ ပညာရှင်များအစည်းအရုံး ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က အစည်းအရုံး၏ ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက် ခဲ့ကြသည့်အတွက် “လုပ်ငန်း စွမ်းဆောင်ရည် အကောင်းဆုံးဆု” ရရှိခဲ့ကြသည့် ဟာသအနုပညာရှင် ဦးဒေါင်းရှိန်၊ ဦးချစ်စံ၊ ဦးထက်လင်း၊ ဦးမင်းထိုက်၊ ဦးပေါ်ပေါ်၊ အငြိမ့် မင်းသမီး ဒေါ်ဝါဝါခိုင်၊ ဦးစန်းဝင်း မောင်၊ ဦးအောင်ချစ်၊ ဦးလန်ဒန်နှင့် ဦးသော်သော်တို့ကို ဆုများပေးအပ် ချီးမြှင့်သည်။

ဆက်လက်၍ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးမှ ဟာသပညာရှင်များက သက်ကြီး ဟာသပညာရှင်ကြီးများအား စုပေါင်းကန်တော့ကြပြီး ကန်တော့်ခံသက်ကြီး ဟာသ အနုပညာရှင်များကိုယ်စား သက်ကြီးဟာသအနုပညာရှင် ဦးပေါ်လေးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက သက်ကြီး ဟာသပညာရှင်များအား ကန်တော့ခံပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် အခမ်းအနား ဒုတိယပိုင်း အစီအစဉ်အဖြစ် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို) ဒုတိယအကြိမ် မြောက်ညီလာခံကို ဆက်လက်ကျင်းပပြီး မြန်မာနိုင်ငံဟာသ ပညာရှင်များ အစည်းအရုံးအနေဖြင့် ဟာသအနုပညာရှင်များလောက ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လက်ရှိဆောင်ရွက်နေမှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

မွန်းလွဲပိုင်းတွင် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး အဖွဲ့ဝင်များသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုခဲ့ကြသည်။

သတင်းစဉ်