နေပြည်တော် ဇူလိုင် ၇
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄၄)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (44th ASEAN Senior Officials Meeting on Drug Matter and Its Related Meeting- ASOD)ကို ယနေ့ နံနက် ၈ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ဆက်လက်ကျင်းပသည်။
(၈)ကြိမ်မြောက် ASOD နှင့် တရုတ်နိုင်ငံဆွေးနွေးပွဲ (8th ASOD + China Consultation)၊ (၁၆)ကြိမ်မြောက် ASOD နှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား သုံးနိုင်ငံဆွေးနွေး ပွဲ (16th ASOD + 3 Consultation) တို့တွင် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်၍ (၉)ကြိမ်မြောက် ASOD နှင့် ကိုရီးယားသမ္မတနိုင်ငံဆွေးနွေးပွဲ (9th ASOD + ROK Consultation)၊ (၆)ကြိမ်မြောက် ASOD နှင့် အိန္ဒိယနိုင်ငံဆွေးနွေးပွဲ (6th ASOD + India Consultation) နှင့် (၅) ကြိမ်မြောက် ASOD နှင့် ရုရှားနိုင်ငံဆွေးနွေးပွဲ (5th ASOD + Russia Consultation) တို့တွင် အလှည့်ကျအာဆီယံနိုင်ငံများ၏ ASOD ခေါင်းဆောင်များက ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက် ကြသည်။
အစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး၊ မြန်မာ ASOD ခေါင်းဆောင် ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် ၁၆ ဦးနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ASOD ခေါင်းဆောင် များ ဦးဆောင်သည့်ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးရုံးနှင့် ဆွေးနွေးဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ဒေသတွင်း မူးယစ်ဆေးဝါး အခြေအနေများနှင့် ပတ်သက်၍ သဘောထားအမြင်များ၊ ပရီကာဆာဓာတုပစ္စည်း ထိန်းချုပ်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက် ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ အနာဂတ် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြသည်။
ထို့ပြင် ၂၀၂၄ ခုနှစ် (၄၅)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ (45th ASEAN Senior Officials Meeting on Drug Matter and Its Related Meeting- ASOD)ကို ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရန် သဘောတူခဲ့ကြပြီး တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က နိဂုံးချုပ်အမှာစကား ပြောကြားကာ (၄၄) ကြိမ်မြောက် အာဆီယံ မူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်