နေပြည်တော်၊ စက်တင်ဘာလ ၁၀ ရက်
(၁၃) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့တွင် video conference စနစ်ဖြင့် ကျင်းပရာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် နိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်သည်။
အစည်းအဝေး၌ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံကအလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်သည့် ကာလအတွင်း စီအယ်လ်အမ်ဗွီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို စီအယ်လ်အမ်ဗွီ အဆင့်မြင့်စီးပွားရေး အရာရှိများ အစည်းအဝေး၏ သဘာပတိဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဝါဝါမောင်က ဝန်ကြီးများထံတင်ပြသည်။
အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်က ၂၀၂၁ ခုနှစ်အတွင်း စီအယ်လ်အမ်ဗွီ အဆင့်မြင့်စီးပွားရေး အရာရှိများ အစည်းအဝေးကျင်းပနိုင်မှု၊ စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ ဆောင်ရွက်ခဲ့ သည့်လုပ်ငန်းများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများ အခြေအနေ၊ ဂျာမန်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့နှင့် စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုး တိုးတက်မှုမူဘောင်ကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်ရေးဆွဲမည့် လုပ်ငန်းလမ်းညွှန်ကို အတည်ပြု နိုင်မှုအခြေအနေများကို စီးပွားရေးဝန်ကြီးများထံ တင်ပြခဲ့ရာ ဝန်ကြီးများက အဆင့်မြင့်စီးပွားရေး အရာရှိများ အား စီအယ်လ်အမ်ဗွီ လုပ်ငန်းစီမံချက် ၂၀၂၁-၂၀၂၂ အရ လုပ်ငန်းများ ဆက်လက်အကောင်အထည် ဖော်ရေး၊ စီအယ်လ်အမ်ဗွီ နိုင်ငံများ၏ အားသာချက်ဖြစ်သည့် စိုက်ပျိုးရေးကိုအခြေခံသည့်လုပ်ငန်းများကို ကိုဗစ်-၁၉ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် ထည့်သွင်းဆောင်ရွက်ရေး၊ အီလက်ထရောနစ် ကူးသန်းရောင်း ဝယ်ရေးလုပ်ငန်းများတွင် စီအယ်လ်အမ်ဗွီ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး၊ အာဆီယံ နိုင်ငံများအကြား ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းစေရေးနှင့် အခြား အာဆီယံနိုင်ငံများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို လမ်းညွှန်ခဲ့ကြသည်။
ထို့နောက် စီအယ်လ်အမ်ဗွီ နိုင်ငံများရှိ အရာထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့က ဗီယက်နမ်နိုင်ငံသို့ တစ်နိုင်ငံလျှင် ပညာသင် (၂၀) စေလွှတ်ခြင်း အစီအစဉ်အတွက် ဗီယက်နမ် နိုင်ငံ၏ ပံ့ပိုးပေးမှုကို မှတ်တမ်းတင်ခဲ့သည်။
အစည်းအဝေးတွင် စီးပွားရေးဝန်ကြီးများက စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှု မူဘောင်ကို အကောင်အထည် ဖော်ရန် လုပ်ငန်းအစီအစဉ်ရေးဆွဲမည့် စီမံချက်ကို ဆက်လက် ဆွေးနွေးခဲ့ရာ စီမံချက်အတွက် ပံ့ပိုးကူညီပေးသည့် သြစတြေးလျနိုင်ငံအား ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ပြီး၊ စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှုမူဘောင်သည် ၂၀၃၀ပြည့်နှစ်တွင် စီအယ်လ်အမ်ဗွီနိုင်ငံ ပြည်သူများအား အလယ်အလတ်ဝင်ငွေရှိသည့် အခြေအနေသို့ရောက်ရှိ စေရန် ရည်ရွယ်ထားသည့်အတွက် စီမံချက်ကို ၂၀၂၁ ခုနှစ်အတွင်း အချိန်မီပြီးစီးစေရေး မဲခေါင် သုတေသနအဖွဲ့၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့နှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် အဆင့်မြင့်အရာရှိများအား လမ်းညွှန်ခဲ့သည်။
ထို့နောက် စီးပွားရေးဝန်ကြီးများက ဂျာမန်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့မှ ဆောင်ရွက်လျက်ရှိ သည့် စီအယ်လ်အမ်ဗွီ နိုင်ငံများ၏ ယှဉ်ပြိုင်မှု နှင့် ဝန်ဆောင်မှုဆိုင်ရာ ပိုမိုတိုးတက်စေရေး ပံ့ပိုးဆောင်ရွက်ပေး သည့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှု အခြေအနေများ၊ နိုင်ငံအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်မှု အခြေအနေများနှင့် ဒေသအတွင်း ကိုဗစ်-၁၉ ကာလအလွန် စီးပွားရေး ပြန်လည် ကောင်းမွန်စေရန် ဆောင်ရွက်မှုများ၊ ဒေသခွဲအတွင်းတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် ပေါင်းစပ်ဆက်သွယ်မှု တိုးတက်ရေးတို့ အတွက် ဒီဂျစ်တယ်ကုန်သွယ်ရေးကိုတိုးမြှင့်ရေး၊ ငွေကြေးဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားကဏ္ဍ ပြန်လည် ဖွံ့ဖြိုးလာစေရေးကိစ္စများကို ဆွေးနွေးခဲ့ကြပြီး (၁၃) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲသတင်း ထုတ်ပြန်ချက်ကို အတည်ပြုခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံက ၂၀၂၁ ခုနှစ်အတွင်း ဦးဆောင်ဆောင်ရွက်ခဲ့သည့် စီအယ်လ်အမ်ဗွီ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပံ့ပိုးဆောင်ရွက်ပေးသည့်အတွက် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့အား ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး ၂၀၂၂ ခုနှစ်တွင် အလှည့်ကျ စီအယ်လ်အမ်ဗွီ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ဦးဆောင်ရန် ဗီယက်နမ်နိုင်ငံအား လွှဲပြောင်းပေး အပ်သည်။
(သတင်းစဉ်)


