ရန်ကုန် ဇွန် ၁၉
မြန်မာနိုင်ငံက သက်ကြီးရွယ်အိုနှင့် လူနာစွန့်ပစ်ဖြစ်စဉ်များအနက် အမျိုးသမီးများထက် အမျိုးသားများ စွန့်ပစ်ခံရသည့်ဖြစ်စဉ် ပိုမိုများပြားလာနေကြောင်း အဆိုပါ စွန့်ပစ်ခံရသူများအရေးအား ဆောင်ရွက်နေသည့် ရွှေမေတ္တာပရဟိတအသင်း ဥက္ကဋ္ဌ ဒေါ်ရွှေလဲ့ က ၎င်း၏ မျက်မြင်အခြေအနေအရ ပမာဏကို ပြောကြားသည်။
ထိုသို့ ဖြစ်ပွားသည့် အရေအတွက်ထဲတွင် အသက် ၆၀ နှင့် ၇၀ ကြား အရွယ်ရှိသူများမှာ အိုမင်းမစွမ်း ဖြစ်ခြင်းကြောင့် စွန့်ပစ်ခံရခြင်းကို တွေ့ရပြီး အသက် ၃၀ မှ ၅၀ ကြား အရွယ်သူများများမှာမူ လူမှုရေးပြဿနာများ၊ အရက်စွဲခြင်းများနှင့် နာတာရှည် ကူးစက်ရောဂါများကြောင့် ၎င်းတို့ နာမကျန်းမဖြစ်ချိန်တွင် စွန့်ပစ်ခြင်းကို တွေ့မြင်ရကြောင်း၎င်းက ဆိုသည်။
“ကျွန်မတို့ စပြီးကူညီကတည်းက အသင်းသက်တမ်း ၃ နှစ်အတွင်း လမ်းဘေးမှာပဲ နေပြီး နေမကောင်း၊ ဖျားနာ တော်တော်ကို အခက်အခဲဖြစ်တဲ့၊ အဲဒီလို လူနာက အမျိုးသားများတယ်။ သက်လတ်ပိုင်းကနေ သက်ကြီးပိုင်းပေါ့။ အမျိုးသားတွေ စွန့်ပစ်ခံရတဲ့ အရေအတွက်က ဘယ်လိုပြောရမလဲ ကူညီခဲ့တဲ့တလျှောက် ၁၀၀ ရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်း၊ ၈၅ ရာခိုင်နှုန်းလောက်ရှိမယ်” ဟု ဒေါ်ရွှေလဲ့က ဆိုသည်။
မြင်တွေ့ရသည့် အခြေအနေအရ ဖြစ်စဉ် ၄ ခု ခန့်တွင် တူညီနေသည့် ဖြစ်စဉ်မှာ ငယ်ရွယ်စဉ်တွင် လူမှုရေးဖောက်ပြန်သောကြောင့် အသက်ကြီးလာသည့် အချိန်တွင် မည်သူမျှ အထောက်အပံ့မပေးနိုင်သည့်အခါ လမ်းဘေး၌ စွန့်ပစ်လူနာ ဖြစ်သွားရခြင်း ဖြစ်ကြောင်း ၎င်းထံက သိရသည်။
“အသက်ငယ်တုန်းမှာ မယားငယ်နေတယ်။ နောက်အိမ်ထောင်နဲ့ သွားနေတယ်။ ရှာဖွေရသမျှကို နောက်အိမ်ထောင်နဲ့ ပျော်ပါးခဲ့ကြတယ်ပေါ့။ တကယ်တမ်း ဖြစ်လာတဲ့ အခါ နောက်အိမ်ထောင်က လက်မခံတဲ့အခါ ရှေ့လည်း သွားလို့မရ၊ နောက်လည်း ပြန်လို့ မရနဲ့ ဖြစ်သွားတာ။ အဖြစ်အပျက် သုံးလေးခုလောက် ထပ်တူညီနေတာ” ဟု ဒေါ်ရွှေလဲ့က ပြောသည်။
ငယ်ရွယ်စဉ်တွင် အရက်အလွန်အကျွံ သောက်ခဲ့ကာ တစ်ဖက်တွင် ပိုက်ဆံ ရှာနိုင်ခဲ့သော်လည်း အလုပ်အဆင်မပြေသည့်အပြင် အရက်သောက်များပြီး ကျန်းမာရေး ထိခိုက်လာသောအခါ ကူညီသူမဲ့ပြီး လမ်းဘေးစွန့်ပစ်ခံရသည့် ဖြစ်စဉ်လည်းရှိကြောင်း သိရသည်။
“အသက် ၃၀ ကနေ ၅၀ ပတ်ဝန်းကျင်ကြား ဆိုရင်တော့ များသောအားဖြင့် အရက်ကြောင့်ဖြစ်တဲ့ ပြဿနာ၊ နောက်ပြီးတော့ တချို့ဆို တီဘီတို့၊ AIDS တို့၊ ပန်းနာ ရင်ကြပ်တို့ မိသားစုမှာ ဝန်ပိလောက်စေမယ့် ရေရှည်စွဲကုရမယ့် ရောဂါရှင်မျိုးဆိုရင် အခုလို စွန့်ပစ်တာကို တွေ့ရတာများတယ်” ဟု ဒေါ်ရွှေလဲ့က ရှင်းပြသည်။
Htet Oo Maung