နေပြည်တော်  ဖေဖော်ဝါရီ   ၁၁

 

မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများအား ကမ္ဘာကသိရှိပြီး ပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုး တက်ဝင်ရောက် လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံခရီးသွားပြပွဲ ၂၀၂၅ (Myanmar Tourism Fair MTF- 2025) ကျင်းပနိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များအား ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနရှိ နီလာအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းက မြန်မာနိုင်ငံခရီးသွားပြပွဲ ၂၀၂၅ (Myanmar Tourism Fair MTF - 2025) ရည်ရွယ်ချက်များ၊ အာဆီယံဒေသတွင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်သွားလိုသည့် အခြေအနေနှင့် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများအား မြှင့်တင်ကြော်ငြာသွားမည့် ကိစ္စရပ်များကို ရှင်းလင်း တင်ပြသည်။

 

ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ပြပွဲ၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးမင်းသိန်းက ပြပွဲကျင်းပသွားမည့် အစီအစဉ်များ၊ အသင်းအဖွဲ့များ၊ ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးစေ လိုသည့်ကိစ္စရပ်များကို လည်းကောင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်း နည်းပညာအကြံပေး ဒေါ်ကြည်ကြည်အေးနှင့် Myanmar Tourism Master Plan (2026-2030) ရေးဆွဲရေးဆိုင်ရာ အဖွဲ့ဝင်များက မြန်မာ့ခရီးသွားလုပ်ငန်းပင်မ စီမံကိန်း ရေးဆွဲဆောင်ရွက်နေမှုအခြေအနေကို လည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသူ များက သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆွေးနွေး တင်ပြကြသည်။

 

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကို အလေးအနက်ထားသည့်အတွက် ပြည်တွင်းခရီးသွားလုပ် ငန်းတိုးတက်ရေးသာမက ပြည်ပခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက်ကိုပါ အလေး ထားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။

 

ယခုကျင်းပမည့် မြန်မာနိုင်ငံခရီးသွားပြပွဲ ၂၀၂၅ အား အာဆီယံဒေသတွင်း နိုင်ငံများမှ ဆောင်ရွက်သည့် ခရီးသွားပြပွဲများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ပါက နိုင်ငံတကာက ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားကဏ္ဍ တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် မိမိတို့ Industry အတွင်း၌သာမက ဆက်စပ်ကဏ္ဍများနှင့်ပါ ဆက်သွယ်ဆောင်ရွက်ရသည့်အတွက် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ပိုမို အားစိုက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးကြရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။

(သတင်းစဉ်)