၂၅ ဇွန်
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဇွန်လ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပ ခဲ့သည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (မျက်နှာစုံညီ)နှင့် (သီးသန့်)အစည်းအဝေးများတွင် အာဆီယံနိုင်ငံ့ခေါင်းဆောင်များက ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ အလေးထားဆွေးနွေးခဲ့ကြပြီး အာဆီယံထိပ်သီးအစည်းအဝေးဥက္ကဋ္ဌက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အာဆီယံထိပ်သီးအစည်းအဝေးများအပြီး၌ (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ၏ကြေညာချက်တွင် ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများအားလုံး၏ ဘေးကင်းလုံခြုံရေးအတွက် လုံခြုံရေးအစီအမံများကို အတတ်နိုင်ဆုံးထိထိရောက်ရောက်ဆောင်ရွက်ရန် မြန်မာအစိုးရ၏ ကတိကဝတ်ပြုခြင်းကို ကြိုဆိုကြောင်း၊ ရခိုင်ပြည်နယ်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက်ထောက်ခံအားပေးကြောင်း ဖော်ပြထားသည်။
မြန်မာအစိုးရသည် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD) ကော်မတီကိုဖွဲ့စည်းပေးပြီး ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့မှတာဝန်ရှိသူများအပြင် ပုဂ္ဂလိကကဏ္ဍမှပုဂ္ဂိုလ်များ၊ လုပ်ငန်းရှင်များ စသည့်အလွှာစုံမှပုဂ္ဂိုလ်များ ပူးပေါင်းပါဝင်မှုဖြင့် မျှော်မှန်းထားသည့် ပန်းတိုင်သို့ရောက်ရှိရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လက်တွေ့ကျကျ လုပ်ကိုင်ဆောင်ရွက်နိုင်မှုများကြောင့် အာဆီယံနိုင်ငံများက ထောက်ခံအားပေးအသိအမှတ်ပြုလာကြသည်။
အာဆီယံအနေဖြင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဆန်းစစ်လေ့လာမှုများဆောင်ရွက်ပြီး ပြန်လည်လက်ခံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အစိုးရဌာနများနှင့် ပါဝင်ပတ်သက်သူများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ သတင်းအချက်အလက်ဖြန့်ဝေပေးခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်းဟူသည့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် သုံးရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိသည်။
အာဆီယံခေါင်းဆောင်များအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ လူသားချင်းစာနာမှု အကူအညီများပေးအပ်ရာတွင်လည်းကောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရေး ကူညီပံ့ပိုးရာတွင်လည်းကောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို တိုးမြှင့်ရာ တွင်လည်းကောင်း အာဆီယံ၏အခန်းကဏ္ဍ ပိုမိုမြှင့်တင်ရေးနှင့် ထင်သာမြင်သာရှိစေရေးကို ထောက်ခံအားပေးရန် ထပ်လောင်းအတည်ပြုပြောကြားထားပြီး အာဆီယံဆန်းစစ်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာပါအကြံပြုချက် သုံးရပ်ဖြစ်သည့် ပြန်လည်လက်ခံရေးစခန်းနှင့် ကြားစခန်းတို့၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ နေရပ်ပြန်လာသူများအတွက် မြန်မာအစိုးရ၏ ပြင်ဆင်ဆောင်ရွက်ထားမှုဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေမှုပိုမိုအားကောင်းစေရေးနှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင် ကူညီပံ့ပိုးရေးစသည်တို့ကို သဘောတူညီထားသည်။
ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော ပြဿနာသည် နှစ်ပေါင်းများစွာဖြစ်ပေါ်ခဲ့သော ပြဿနာဖြစ်၍ အခက်အခဲများစွာရှိသော်လည်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းလာရေးတွင် ဒေသအားလုံး၏လိုအပ်ချက်များကို သာတူညီမျှဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော UEHRD စီမံကိန်းတွင် အရေးတကြီးလိုအပ်ချက်တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်အရေးကိစ္စများကို ဖြည့်ဆည်းဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ရည်မှန်းချက်မှာ ပြည်သူလူထုတစ်ရပ်လုံး သာတူညီမျှ ရရှိခံစားနိုင်ရေးကိုဦးတည်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေး၊ ပြည်သူလူထုအားလုံး၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးဖြစ်သည်။ နိုင်ငံတကာအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် ရခိုင်ပြည်နယ်အရေးတို့ကို အလေးထားသဖြင့် ယင်းကို အလေးအနက်ဖော်ဆောင်ကာ တစ်နိုင်ငံလုံး ဖြန့်ကြက်ဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် ရခိုင်ပြည်နယ်အရေးကိစ္စအပါအဝင် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အာဆီယံဒေသတွင်းနိုင်ငံများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာကသိအောင်ပြသရမည်ဖြစ်ရာ ရခိုင်ပြည်နယ်နှင့် ပြည်ထောင်စုကြီး အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုသဟဇာတဖြစ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ယခုထက်ပိုမိုအရှိန်အဟုန်မြှင့်တင် ကြိုးပမ်း ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။
ကြေးမုံ