မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်  ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး)တွင် လုပ်အားပေးနေသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား တွေ့ဆုံကာ ထောက်ပံ့ပစ္စည်းများပေးအပ်

ရန်ကုန် ၁၄ မေ

 

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာ‌ဒေါ်ညိုညိုဝင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် လှည်းကူးမြို့နယ်ရှိ ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး)သို့ သွားရောက်ခဲ့ပြီး ဆေးရုံတည်ဆောက်ရေး လုပ်ငန်းများတွင် လုပ်အားပေးဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များအား ရင်းရင်းနှီးနှီး တွေဆုံအားပေးသည်။

 

ထိုနောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အလှူရှင်များမှ ပံ့ပိုးသော Surgical Mask ၊ Hand Gel ၊ Hand Wash ၊ Royal D အချိုရည်နှင့် ရေသန်ဘူးများကို ထောက်ပံ့ပေးအပ်ပြီး  လှည်းကူးမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ လက်ဆေးခြင်းတေးသရုပ်ဖော်ပြသမှုကို ကြည့်ရှုအားပေးသည်။

 

အဆိုပါ ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး)တွင် တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်အသီးသီးမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် ဆေးရုံဆောက်လုပ်ရန် ပြင်ဆင်ရေးအပိုင်းများ၊ ဆေးရုံသုံး ပစ္စည်းနှင့် ဆေးဝါးထားသိုမှုအပိုင်း၊ ရေနှင့်အစားအစာဖြန့်ဝေခြင်း အပိုင်းများတွင် အလှည့်ကျစနစ်ဖြင့် ပူးပေါင်းပါ၀င် ဆောင်ရွက်လျက်ရှိသည်။

 

မွန်းလွဲပိုင်းတွင် အသင်းဒုတိယအထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့သည် အင်းစိန်မြို့နယ် စက်မှုလက်မှုသိပ္ပံစောင့်ကြည့်စခန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိသော  ကြက်ခြေနီစေတနာလုပ်အားရှင်များအား တွေ့ဆုံအားပေးစကားပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အလှူရှင်များမှ ပံ့ပိုးသော ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။

 

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများဖြစ်သော အသိပညာပေးလှုံဆော်ခြင်း၊ နှာခေါင်းစည်းများ ပေးဝေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျ လက်ဆေးနည်းအသိပညာပေးခြင်း၊ လက်သန့်ဆေးရည်များပေးဝေခြင်း၊ Fever Clinic များတွင် ကူညီဆောင်ရွက်ပေးခြင်း စသည်တို့ကို ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့ အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်