ရန်ကုန် ၉ ဧပြီ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နေပြည်တော်ကောင်စီ နယ်မြေတို့ရှိ မြို့နယ်ပေါင်း (၁၃၂) မြို့နယ်တို့တွင် ကြက်ခြေနီ စေတနာ လုပ်အားရှင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ အသင်းအဖွဲ့များနှင့်အတူ ရောဂါကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
“ကြက်ခြေနီ စေတနာလုပ်အားရှင်တွေအနေနဲ့ ပြည်သူတွေကို ကျန်းမာရေး အသိပညာပေးခြင်း၊ လက်ကိုင်အသံချဲ့စက်နဲ့ နှိုးဆော်အသိပေးခြင်း၊ နယ်စပ်ဒေသ မြို့အဝင်/အထွက်ဂိတ်တွေမှာ ကိုယ်အပူချိန်တိုင်းပေးခြင်း စတဲ့လုပ်ငန်းတွေမှာ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ညွှန်ကြားရေးမှူး ဒေါ်ရွှေစင်ကျော်စိုးက ပြောသည်။
ရန်ကုန်၊ ကယား၊ ရခိုင်၊ မကွေးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မြို့နယ်များရှိ စောင့်ကြပ်ကြည့်ရှုရေးစင်တာ (Quarantine Centre) များတွင် ကြက်ခြေနီ စေတနာလုပ်အားရှင်များက လိုအပ်သည့် အကူအညီများပေးခြင်း၊ ပိုးသတ်ဆေးဖျန်းပေးခြင်း၊ စိတ်ပိုင်းလူမှုရေးပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်ပေးခြင်းတို့ကို အလှည့်ကျစနစ်ဖြင့် နေ့စဉ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ပြောသည်။
မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီအသင်းအနေဖြင့်လည်း တစ်မြို့နယ်လျှင် ကြက်ခြေနီစေတနာလုပ်အားရှင် အနည်းဆုံး (၃)ဦး စုစည်းထားရှိပြီး အင်အား (၆၀)ကျော်အတွက် တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ဝတ်ဆင်ခြင်းနှင့် အရေးပေါ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သင်ကြားပေးထားကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် တိုင်းအဆင့် အရေးပေါ် ကြက်ခြေနီကွပ်ကဲရေးစင်တာ (Emergency Operation Center- EOC) ကို ဖွင့်လှစ်ထားရှိပြီး ကြက်ခြေနီတပ်ဖွဲ့ဝင် စေတနာလုပ်အားရှင်များအား အရန်သင့် စီစဉ်ထားပြီး လိုအပ်လာပါက ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆေးဖျန်းအဖွဲ့များကို စီစဉ်ထားကြောင်း၊ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ကြက်ခြေနီအသင်းခွဲများက ဒေသအလိုက် ကူညီဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ကြိုတင်ပြင်ဆင် စီစဉ်ဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သိရသည်။
သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-ကျော်ရွှေဦး


