ကျိုက်လတ် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သော ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ထပ်ဆင့်ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပွဲကို နိုဝင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး ကျိုက်လတ်မြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးစိန်ဝှီးက ဂုဏ်ပြုအမှာစကားနှင့် မြို့နယ်ကြက်ခြေနီအသင်း၏ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ဆောင်ရွက်ခဲ့မှုများ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးစိန်ဝှီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြက်ခြေနီ အသင်းဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင်( ပြန်/ဆက်)


