ရန်ကုန်  ၉  ဖေဖော်ဝါရီ

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါကာ ကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဆေးပစ္စည်းများ လှူဒါန်းပွဲကို  ဖေဖော်ဝါရီ (၈)ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်သည်။

 

‌ေ

 

အခမ်းအနားတွင် လှူဒါန်းမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌဒေါက်တာ မောင်မောင်မြင့်နှင့် တာဝန်ရှိသူများက ယခုလှူဒါန်းမှုမှာ ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှု မိတ်ဖက်အသင်းအဖွဲ့များဖြစ်သည့်  မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ နော်ဝေနိုင်ငံ ကြက်ခြေနီ အသင်း၊ ဂျာမနီနိုင်ငံကြက်ခြေနီအသင်း၊ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်း၊ တူရ ကီနိုင်ငံလခြမ်းနီ အသင်းနှင့် ဆွီဒင်နိုင်ငံ ကြက်ခြေနီအသင်းတို့မှ အမေရိကန်ဒေါ်လာ (၁၆,၅၀ဝ) တန်ဖိုးရှိ တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးဝတ်စုံ  (၂၅၀) နှင့် ပါးစပ်နှင့် နှာခေါင်းစည်း (၅,ဝ၀ဝ) တို့ကို လှူဒါန်းခြင်း ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ နယ်စပ်ဝင်၊ ထွက်ပေါက် များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့မှ ထုတ်ဝေထားသော ကျန်းမာရေးအသိပညာပေးအချက်အလက်များကို အသုံးပြု၍ ကျန်းမာရေးအသိပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များ ထုတ်ဝေကာ ပြည်သူများထံ ဖြန့်ဝေပေးအပ်မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံကြက်ခြေနီအသင်းတွင် လျင်မြန်တုံ့ပြန်အဖွဲ့ (rapid response team) များ ဖွဲ့စည်းထားရှိပြီးယခုကဲ့သို့ ကပ်အသွင်ရောဂါဖြစ်ပွားပျံ့နံ့မှုများနှင့်ပတ်သက်၍လည်း သင်တန်း ပေးလေ့ကျင့်ထားသူ (၃၀ဝ) ခန့်ရှိပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ တွင် ဝန်ကြီးဌာနနှင့်ပူးပေါင်းလက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ ပံ့ပိုးမှု၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများကိုကျေးဇူးတင်ရှိပါကြောင်း၊မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အသင်းဝင်အင်အားသည် များပြားပြီးအသင်း၏ လုပ်ငန်းများတွင် လျင်မြန်တုံ့ပြန်ဆောင်ရွက်မှု များပါဝင်သည်ဖြစ်သဖြင့် ဝန်ကြီးဌာန၏ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် အားဖြည့်ဆောင် ရွက်မှုများတွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်း များသက်ဆိုင်ရာ ကဏ္ဍအလိုက်ပါဝင်ကြရန် စာဖြင့်အကြောင်းထားပြီးဖြစ်ပါကြောင်း၊ လုပ်ငန်း များဆောင်ရွက်ရာတွင် စနစ်တကျ ချိန်သားကိုက် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှုများသည် အထူးအရေးကြီးပါကြောင်း။

ထိုသို့ ပူးပေါင်းဆောင်ရွက်မှုတွင် လုပ်ငန်းတာဝန်ခွဲဝေသတ်မှတ်မှုများ စနစ်တကျရှိ စေရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲတို့ အသေးစိတ်ဆွေးနွေးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် မြို့နယ် အဆင့်များတွင် သက်ဆိုင်ရာမြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မှူးများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ကျန်းမာရေး အသိပညာအချက်အလက်များ ဖြန့်ဝေရာတွင် ပြည်သူလူထုထံရောက်ရှိမှု၊ နားလည်မှု၊ အမှန်တကယ်အသုံးချမှုများရရှိစေရေး ထိရောက်စွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရာတွင် အားလုံးစုစည်း ပူးပေါင်းဆောင်ရွက်သွား စေလိုပါကြောင်း ပြောကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့် မိတ်ဖက်ကြက်ခြေနီအသင်းများမှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၁၆,၅၀ဝ) တန်ဖိုးရှိ တစ်ကိုယ် ရေသုံး ရောဂါကာကွယ်ရေးဝတ်စုံ (၂၅၀) နှင့် ပါးစပ်နှင့်နှာခေါင်းစည်း (၅,ဝ၀ဝ) တို့ကိုလက်ခံခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)