နေပြည်တော် မတ် ၇
မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေး၊ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အဖွင့်အမှာစကားပြောကြားပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေးက မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေကို မြန်မာ့ပင်လယ်အတွင်းပိုင်းရေပြင်မှ သီးသန့်စီးပွားရေးဇုန်အထိ ရေပြင်နယ်နိမိတ်အတွင်း ရေကြောင်းဆိုင်ရာ လုံခြုံရေးဆောင်ရွက်ခြင်း၊ ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုးစီးပွားကာကွယ်ရေး၊ ပင်လယ်ရေကြောင်းဆိုင်ရာ တရားဥပဒေစိုးမိုးရေး၊ ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်ဆောင်ရွက်နိုင်ရန်နှင့် ပင်လယ်ရေကြောင်းကိုအသုံးပြု၍ ဆောင်ရွက်နေသည့် တရားမဝင်လုပ်ငန်းများ၊ တရားမဝင်နိုင်ငံဖြတ်ကျော်ဝင်ရောက်မှု အပါအဝင် တရားမဝင် ဝင်ရောက်အခြေချနေထိုင်မှုများနှင့် ပင်လယ်ဓားပြမှုများကို တားဆီးနှိမ်နင်းနိုင်ရန် ရည်ရွယ်၍ အဆိုပါဥပဒေ (မူကြမ်း) ကို ရေးဆွဲရခြင်းဖြစ်ကြောင်း တင်ပြဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အစည်းအဝေးတွင် ဆွေးနွေးချက်များအရ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေသည် မြန်မာ့ပိုင်နက် ပင်လယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံဖြတ်ကျော် မှုခင်းများ တားဆီးနိုင်ရန်အတွက် လိုအပ်ကြောင်း အစည်းအဝေးဆုံးဖြတ်ချက်အရ သုံးသပ်တွေ့ရှိရကြောင်း ပြောကြားပြီး အဆိုပါဥပဒေ (မူကြမ်း) ကို ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်