ရန်ကုန် ၁၃ ဖေဖော်ဝါရီ
မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှကြီးမှူး၍ ကင်းထောက် အသိပညာများ အပြန်အလှန် နှီးနှောဖလှယ်သည့် “မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ပြောင်းလဲတိုးတက်မှုဖြစ်စဉ်များ ((Myanmar Scout Update) စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပရာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညိုနှင့် ကင်းထောက်ကြီးများ၊ တက္ကသိုလ်ကင်းထောက်လူငယ်များ၊ ကင်းထောက်ငယ်သင်တန်း ((Myanmar Scout Update) သင်တန်းသားများ၊ မေရီချက်(ပ်)မင်း နားမကြားသောကျောင်းမှ ကင်းထောက် အခြေခံသင်တန်းသားများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် တက္ကသိုလ်လူငယ်များက “ကင်းထောက်ဂုဏ်ရည်” သီချင်းဖြင့် သီဆို ဖွင့်လှစ်ပြီး မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညိုက မြန်မာ ကင်းထောက်အဖွဲ့ ပြောင်းလဲတိုးတက်မှု ဖြစ်စဉ်များ၊ မြန်မာကင်းထောက် နိုင်ငံတကာ ဆက်သွယ် ညှိနှိုင်းရေးမှူး ကိုကောင်းမြတ်ထူးက မြန်မာကင်းထောက် လူငယ်များ အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့နှင့် ကမ္ဘာ့ကင်းထောက်အဖွဲ့တို့နှင် ပါဝင်လှုပ်ရှားဆောင်ရွက်နေမှုများ၊ ကင်းထောက်ငယ် (Cub Scout) သင်တန်းသူ မမေလင်းမြတ်က ကင်းထောက်ငယ် (Cub Scout) သင်တန်းနှင့်ပတ်သက်ပြီး သင်တန်းအတွေ့အကြုံများ၊ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများ ကျောင်း ကင်းထောက်အခြေခံ သင်တန်းသား မောင်ဇော်မျိုးထက်နှင့် သင်တန်းသူ မဝေနှင်းသန့်တို့က အကြားအာရုံချို့တဲ့သော ကလေးများအတွက် ကင်းထောက်အခြေခံသင်တန်း သင်ကြားပို့ချမှု အတွေ့အကြုံများ၊ မြန်မာကင်းထောက် ငြိမ်းချမ်းရေးညှိနှိုင်းရေးမှူးက မြန်မာကင်းထောက်လူငယ်များ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ၊ မြန်မာကင်းထောက် လူငယ်ညှိနှိုင်းရေးမှူး ကိုဖြိုးသူရဝင်းက အာရှပစိဖိတ် ဒေသအတွင်း မြန်မာ ကင်းထောက်လူငယ်များ နိုင်ငံတကာ ကင်းထောက်လူငယ်များနှင့်အတူ ပါဝင် လှုပ်ရှားဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသော ကင်းထောက်ကြီးများ၊ ကင်းထောက်လူငယ်လေးများက ပါဝင်ဆွေးနွေးကာ သိလိုသည်များမေးမြန်းကြသည်။
ဆွေးနွေးပွဲတွင် ကင်းထောက်ကြီး ဦးထင်ဇော်ဝင်း မိသားစုကိုယ်စား အခမ်းအနားမှူး ကင်းထောက် မအေးဘုန်းပြည့်ချိုက မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်း ကင်းထောက် အခြေခံသင်တန်းအတွက် အလှူငွေ ကျပ်တစ်သိန်းကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွှန့်ညွှန့်သိန်းထံ ပေးအပ်လှူဒါန်းပြီး ကင်းထောက်လူငယ်များက “ငြိမ်းချမ်းရေး၏ သံတမန်များ” တေးသီချင်းသီဆို၍ ဆွေးနွေးပွဲအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


