ရန်ကုန် ၂၁ စက်တင်ဘာ


မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်မှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ (International Day of Peace) အခမ်းအနားကို ယနေ့ နံနက် (၁ဝ) နာရီက ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း အမှတ် (၂)၊ စံပယ်ခန်းမတွင် ကျင်းပရာ မြန်မာနိုင်ငံကင်းထောက်အမျိုးသမီးအဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည်၊ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်၊ လူငယ်သင်တန်းရေးရာ ကင်းထောက်မှူးချုပ် ဦးမြင့်ဆွေနှင့် အမျိုးသားကင်းထောက်ကြီးများ၊ အမျိုးသမီး ကင်းထောက်ကြီးများ၊ တက္ကသိုလ်ကင်းထောက်လူငယ်များ၊ ကင်းထောက်လူငယ်များ၊ Cub Scout နှင့် Blue Birds ကင်းထောက်ငယ်များ တက်ရောက်ကြသည်။ 


အခမ်းအနားကို ကင်းထောက်လူငယ်များက "ကင်းထောက်ဂုဏ်ရည်" တေးသီချင်း သီဆိုဖွင့်လှစ်ပေးပြီး မြန်မာနိုင်ငံကင်းထောက်အမျိုးသမီးအဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည်က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် မြန်မာနိုင်ငံအမျိုးသားကင်းထောက်အဖွဲ့နှင့် ကင်းထောက်အမျိုးသမီး နှစ်ဖွဲ့တို့ ပူးပေါင်းပြီး ကျင်းပခြင်းဖြင့် ကင်းထောက်များ၏ ငြိမ်းချမ်းရေးမြတ်နိုးမှုကို ပေါ်လွင်စေကြောင်း ပြောကြားပြီး မြန်မာနိုင်ငံ အမျိုးသားကင်းထောက်ချုပ်ကိုယ်စား ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်က စက်တင်ဘာလထဲမှာ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ လမ်းညွှန်မှုအရ မြန်မာ့လူ့ဘောင်မှာ ထူးခြားသည့် အခမ်းအနား (၃)ခု ကျင်းပခဲ့ကြောင်း၊ ယင်း (၃) ခုသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး မြန်မာနိုင်ငံအေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလှသည့် အခမ်းအနားများ ဖြစ်ခဲ့ကြောင်း စက်တင်ဘာလ (၈) ရက်နေ့ ကျင်းပခဲ့သည့် "နိုင်ငံတကာ စာတတ်မြောက်ရေးနေ့" စက်တင်ဘာ (၁၅) ရက်နေ့ ကျင်းပခဲ့သည့် "အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့" တို့သည် အပြန်အလှန်အကျိုးပြုနေသည့် ထူးခြားသည့် နေ့များဖြစ်ကြောင်း၊ ထို့ပြင် ယနေ့ စက်တင်ဘာ (၂၁) ရက်နေ့မှာ "အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့" ကျင်းပခြင်းသည် စက်တင်ဘာလ၏ ထူးခြားမှုများပင်ဖြစ်ကြောင်း၊ ပြည်သူ့အင်အားကို အခြေပြုသည့် ဒီမိုကရေစီစနစ်ကို ခိုင်မာစွာ တည်ဆောက်နိုင်ရန် ပညာတတ်မြောက်မှုသည် အဓိကကျသကဲ့သို့ နိုင်ငံ့ဖွံ့ဖြိုးမှု ရှင်သန်ခိုင်မာမှုအတွက် ငြိမ်းချမ်းရေးမရှိလျှင် မပြည့်စုံနိုင်သဖြင့် "ငြိမ်းချမ်းရေးသံတမန်များ" အဖြစ် ကမ္ဘာ့ကင်းထောက်အဝန်းအဝိုင်းက သတ်မှတ်တန်ဖိုးထားသည့် ကင်းထောက်လူငယ်များဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်အနေဖြင့် ယနေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ဂုဏ်ပြုကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် ကင်းထောက်လူငယ်များက "ငြိမ်းချမ်းရေး၏ သံတမန်များ" တေးဂီတကို သီဆိုသရုပ်ဖော်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်မှ သိရသည်။


MDN