သတင်းဆောင်းပါး - မောင်ဋီကာ
မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်နဲ့ ကုမ္ပဏီများအတွက် ထိရောက်တဲ့ဥပဒေမူဘောင် ဖြစ်စေရန်အတွက်မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကို နိုင်ငံတကာစံနှုန်းများနဲ့အညီ ရေးဆွဲပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ မြန်မာ နိုင်ငံကုမ္ပဏီများဥပဒေရဲ့ ခေတ်မီမှု၊ အီလက်ထရွန်နစ်ကုမ္ပဏီ မှတ်ပုံတင်စနစ်ပြဃဥ MyCO (Myanmar Companies Online) ရဲ့ လွယ်ကူရှင်းလင်းမှု၊ မြန်ဆန်တိကျမှု တွေကြောင့် နိုင်ငံတွင်းသာမက နိုင်ငံပြင်ပမှာရှိတဲ့ လုပ်ငန်းရှင်တွေအားလုံးအတွက်မြန်မာနိုင်ငံမှာ ကုမ္ပဏီ တစ်ခုထူထောင်ပြီး စီးပွားရေး လုပ်ငန်းလုပ်ကိုင်နိုင်ဖို့ များစွာလွယ်ကူချောမွေ့သွားခဲ့တဲ့အပြင် ကုမ္ပဏီ မှတ်ပုံတင်ဖို့အတွက် လုပ်ရတဲ့အဆင့်၊ ကြာတဲ့အချိန်နဲ့ ငွေကြေးကုန်ကျစရိတ်တွေကိုလည်း သိသိသာသာ လျှော့ချနိုင်ခဲ့ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ကတော့ ကုမ္ပဏီတွေရဲ့ မှတ်ပုံတင်အရာရှိ (Registrar) တာဝန်သာမက ဥပဒေအရပေါ်ပေါက်လာ တဲ့ပုဂ္ဂိုလ် (Legal or Juridical Person) နဲ့ ကုမ္ပဏီတွေက မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လိုက်နာခြင်းရှိ၊ မရှိ စိစစ်ထိန်းကျောင်းပေးရတဲ့အထိန်းအကွပ် အဖွဲ့အစည်း (Regulator) လည်း ဖြစ်ပါတယ်။ DICA က ကုမ္ပဏီမှတ်ပုံတင်စနစ် MyCO ကို ထိန်းသိမ်း ထားတာဖြစ်ပြီး အဆိုပါစနစ်မှာတော့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ကုမ္ပဏီမှတင်ပြ ရန်လိုအပ်တဲ့ ကုမ္ပဏီ တွေရဲ့ အသေးစိတ်အချက်အလက်တွေအားလုံး ပါဝင်ပါတယ်။
ကုမ္ပဏီတစ်ခု ဖွဲ့စည်းမှတ်ပုံတင်တာကစပြီး ကုမ္ပဏီအတွင်း အသေးစိတ်အချက်အလက်တွေ ပြောင်းလဲခြင်း များဖြစ်လာရင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနဲ့အညီ DICA ကို အကြောင်းကြားတင်ပြရမှာဖြစ်ပါတယ်။ တင်ပြတဲ့အခါမှာလည်း ကုမ္ပဏီအားလုံးက မှတ်ပုံတင်အရာရှိထံကို MyCO အီလက်ထရွန်နစ်ကုမ္ပဏီ မှတ်ပုံတင် စနစ်မှာ အချိန်မရွေးရရှိနိုင်တဲ့သတ်မှတ်ထားတဲ့ ပုံစံတွေကိုပဲ အသုံးပြုတင်ပြရမှာဖြစ်ပြီး တင်ပြတဲ့အကြောင်း အရာအလိုက် သတ်မှတ်အခကြေးငွေတစ်ခုခုကို ပေးဆောင်ရမှာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ဥပဒေအရ သတ်မှတ်ထားတဲ့အချိန်အတွင်း စာရွက်စာတမ်းများ တင်သွင်းဖို့ ပျက်ကွက်ရင်တော့ နောက်ကျကြေးကိုလည်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။
ကုမ္ပဏီများအားလုံး ဥပဒေအရ လိုက်နာဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အချိတ်အဆက်မိစွာ ပြင်ဆင်ထားတဲ့ သတ်မှတ်ထားသည့်ပုံစံများဖြင့် အချိန်မရွေး အသုံးပြုနိုင်အောင် MyCo စနစ်ကို တည်ဆောက်ထား တာဖြစ်ကြောင်းကို ရှင်းလင်းစွာ သိမြင်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္ပဏီတွေအဖို့ ရှင်းလင်းပြတ်သားမှုမရှိဘဲ ဝန်ထုပ်ဝန်ပိုးဖြစ်နေခဲ့တဲ့ စည်းမျဉ်းစည်းကမ်း တွေကြောင့် ဥပဒေလိုက်နာကျင့်သုံးမှု အားနည်းခဲ့ရတဲ့အဖြစ်နဲ့ နှစ်ပေါင်းများစွာ ကြုံတွေ့ရတာဖြစ်တဲ့အတွက် ဒီလိုပြုပြင်ပြောင်းလဲမှုတွေကို လိုလားတောင့်တနေတာ ကြာခဲ့ပြီဖြစ်ပါတယ်။
မှတ်ပုံတင်အရာရှိ၏တာဝန်
ဒီနေရာမှာ တစ်ခုပြောချင်တာကတော့ပြဃဥစနစ်မှာ မှတ်ပုံတင်စာရင်းရေးသွင်းထားတဲ့ ကုမ္ပဏီဆိုင်ရာ အချက်အလက်များနဲ့စပ်လျဉ်းပြီး မည်သူ့တွင်တာဝန်ရှိကြောင်းနဲ့ တရားဝင်ဖြစ်၊ မဖြစ်ဆိုတဲ့ အချက်ပဲဖြစ်ပါ တယ်။ MyCo စနစ်ကို အသုံးပြုဆောင်ရွက်နေသော ကုမ္ပဏီတွင် ပါဝင်သူများရဲ့ ဥပဒေနှင့်အကျွမ်းတဝင် မဖြစ်သေးတဲ့အခြေအနေနဲ့ နားလည်မှုလွဲမှားတဲ့ အယူအဆတွေကြောင့် နိုင်ငံတကာစံနှုန်းများအရ တည်ဆောက်ထားတဲ့ MyCo စနစ်ပေါ်က မှတ်ပုံတင်စာရင်းများအပေါ် မှတ်ပုံတင်အရာရှိရဲ့တာဝန်ရှိမှုကို အသိပေးလိုခြင်းဖြစ်ပါတယ်။
DICA မှ ညွှန်ကြားရေးမှူးချုပ်သည် မှတ်ပုံတင်အရာရှိအဖြစ် တာဝန်ယူရတာဖြစ်ပြီး မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့်အညီ ကုမ္ပဏီများကိုမှတ်ပုံတင်ပေးရန်နှင့်ကုမ္ပဏီများမှ တင်ပြလာတဲ့ သက်ဆိုင်ရာ မှတ်တမ်း တွေကို MyCo စနစ်မှာ မှတ်ပုံတင်စာရင်းရေးသွင်းပြီး ထိန်းသိမ်း ပေးရတာဖြစ်လို့ အဆိုပါမှတ်တမ်းတွေရဲ့ လုံခြုံစိတ်ချ ရမှုကိုပဲ MyCo စနစ်က တာဝန်ယူပေးထားတာဖြစ်ပါ တယ်။ DICA မှတည်ဆောက်ထားတဲ့ MyCo စနစ်မှာ မှတ်ပုံတင်စာရင်းရေးသွင်းခြင်းဟာ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ မှတ်ပုံတင်စနစ်များနည်းတူ ကုမ္ပဏီတစ်ခုမှ အကြောင်းကြားတင်ပြလာခြင်းကို လက်ခံလိုက်ခြင်းပဲဖြစ်ပါတယ်။ မှတ်ပုံတင်စာရင်းရေးသွင်းရန် တင်ပြလာတဲ့ ကုမ္ပဏီဆိုင်ရာအချက်အလက် အကြောင်းအရာများနှင့်စပ်လျဉ်းပြီး ဥပဒေအရလိုအပ်သော အစည်းအဝေး မှတ်တမ်းများ၊ အစုရှယ်ယာလက်မှတ်များ၊ စာရွက်စာတမ်းများ၊ စာချုပ်စာတမ်း အထောက်အထားများကို ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ထားရန်လိုအပ်ပြီး တရားဝင်ပြုစုထားရှိရမည့် မှတ်ပုံတင်စာရင်းများကို ကုမ္ပဏီကသာ ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်စာရင်းရေးသွင်းရန် တင်ပြချက်များသည် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ဖြစ်ကြောင်းကိုတော့ သတ်မှတ်ထားသည့် ပုံစံများမှာ တာဝန်ယူလက်မှတ်ရေးထိုးတဲ့ တင်ပြလျှောက်ထားသူက သက်သေပြုရမှာ ဖြစ်ပါတယ်။ ဆိုလိုတာ ကတော့ MyCo စနစ်ပေါ်သို့ တင်ပြလာသော ကုမ္ပဏီ၏အချက်အလက်နှင့်စာရင်းများ ပြည့်စုံခြင်းရှိ၊ မရှိနှင့်မှန်ကန်မှုရှိ၊ မရှိသည် တင်ပြလျှောက်ထားသူနှင့်ကုမ္ပဏီအပေါ်မှာသာ တာဝန်ရှိကြောင်း အသိပေးလိုပါတယ်။
ဥပမာအားဖြင့် ဒါရိုက်တာအမည်စာရင်း ချန်လှပ်ခဲ့ခြင်း၊ အတွင်းရေးမှူးတစ်ယောက်၏ တာဝန်ရှိမှု၊ အစုရှယ်ယာရှင် အမည်စာရင်းနှင့် ထည့်ဝင်ပြီး အစုရှယ်ယာများအပေါ် လိမ်လည်တင်ပြခြင်း၊ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များကိုလိုက်နာရန် ပျက်ကွက်ခြင်းတို့အပေါ် အချင်းချင်းမကြေလည်မှုများရှိပါက အဆိုပါကိစ္စရပ်များကိုဆောင်ရွက်သော တင်ပြလျှောက်ထားသူ၊ အစုရှယ်ယာရှင် သို့မဟုတ် ဒါရိုက်တာကို ကုမ္ပဏီသို့မဟုတ် အခြားသောကုမ္ပဏီတွင် ပါဝင်သူများက တရားစွဲဆိုနိုင်မှာပဲဖြစ်ပါတယ်။
ဥပဒေဆိုင်ရာတာဝန်ဝတ္တရားများ
ဒါရိုက်တာများရဲ့ တာဝန်များကတော့ ကုမ္ပဏီအတွက် မူဝါဒများကိုဆုံးဖြတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊ အစုရှယ်ယာရှင်များ၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးအပါအဝင် အထွေထွေအစည်းအဝေး ခေါ်ယူ ခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ ကုမ္ပဏီဆိုင်ရာစာရင်းများကို တင်ပြခြင်း၊ အခြား အစိုးရအဖွဲ့အစည်းများနှင့် လိုအပ်သလိုဆက်သွယ်ဆောင်ရွက်ခြင်း၊ နောက်ဆုံးအချက်အလက်များအထိ ပါရှိသော ကုမ္ပဏီတွင် ပါဝင်သူများ၏မှတ်ပုံတင်စာရင်း၊ ဒါရိုက်တာများနှင့်အတွင်းရေးမှူးတို့၏ မှတ်ပုံတင် စာရင်း၊ အစည်းအဝေးမှတ်တမ်းများနှင့်ဆုံးဖြတ်ချက်များ၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ ကုမ္ပဏီ ပိုင်ပစ္စည်းနှင့်သက်ဆိုင်သည့် ပေါင်နှံခြင်းနှင့်ကြွေးမြီတာဝန်တင်ရှိခြင်းအတွက် မှတ်ပုံတင်စာရင်းများကို ကုမ္ပဏီ၌ ထိန်းသိမ်းထားခြင်းများ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေသည် ဒါရိုက်တာများ လိုက်နာရမည့် ဥပဒေဆိုင်ရာတာဝန်ဝတ္တရားများကို ရှင်းလင်းစွာဖော်ပြထားသကဲ့သို့ အစုရှယ်ယာရှင်များကိုအကာအကွယ်ပေးထားသော ဥပဒေဖြစ်ပါတယ်။ အစုရှယ်ယာရှင်များအနေဖြင့် ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းများကို စစ်ဆေးခြင်း၊ ကုမ္ပဏီက ထိန်းသိမ်းထားသော အခြားမှတ်ပုံတင်စာရင်းများကိုစစ်ဆေးခြင်း၊ အစုရှယ်ယာရှင် ဆုံးဖြတ်ချက်များနှင့် အစည်းအဝေးမှတ်တမ်းများကို စစ်ဆေးခြင်း၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း မိတ္တူကို တောင်းခံနိုင်ခြင်း၊ ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများကို လက်ခံရရှိခြင်း၊ အမြတ်ဝေစုလက်ခံရရှိခြင်း၊ အနည်းဆုံး အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းကိုပိုင်ဆိုင်သော အစုရှယ်ယာရှင်များသည် ဒါရိုက်တာများအား အထွေထွေ အစည်းအဝေးခေါ်ယူကျင်းပရန် တောင်းဆိုနိုင်ခြင်း စသော အစုရှယ်ယာရှင်များ၏ အခွင့်အရေးနှင့် တာဝန်များကိုလည်း ရှင်းလင်းစွာ ပြဋ္ဌာန်းထားပါတယ်။
ဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာရန်
သို့ပါသောကြောင့် ကုမ္ပဏီများအကြား သို့မဟုတ်အစုရှယ်ယာရှင်များအကြား ဖြစ်ပွားသော အငြင်းပွားမှုများနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းပေးရ DICA က ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ သက်ဆိုင်ရာ အဖွဲ့ အစည်း သို့မဟုတ် တရားရုံးတွင်သာ ဖြေရှင်းရမှာပဲဖြစ်ပါတယ်။ MyCo စနစ်ပေါ်သို့ လိမ်လည်တင်ပြမှုတစ်ခုခု အတွက်တော့ DICA မှ ကုမ္ပဏီဥပဒေအရ ပြစ်ဒဏ်ချမှတ် အရေးယူလို့ရပါတယ်။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ လိုက်နာရမယ့် တာဝန်ဝတ္တရားများကို ချိုးဖောက်ခြင်းဟာ ဥပဒေကိုချိုးဖောက်ခြင်း သို့မဟုတ် ကျင့်ဝတ် ပျက်ယွင်းခြင်းကို ဖြစ်ပေါ်စေပြီး ကော်ပိုရိတ်အုပ်ချုပ်မှုစနစ်ပျက်ယွင်းပါက ကုမ္ပဏီရဲ့ဂုဏ်သတင်းကို ထိခိုက် စေမှာဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန် ရည်ရွယ်တည်ထောင်ထားသော ကုမ္ပဏီတွင် မလိုလားအပ်သောပြဿနာများ၊ အငြင်းပွားမှုများရှောင်ရှားနိုင်ရန် ဒါရိုက်တာများနှင့် ကုမ္ပဏီတွင် ပါဝင်သူများ သည် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာရန် လိုအပ်ပါကြောင်း တိုက်တွန်းလိုက် ရပါတယ်။