၁၁ စက်တင်ဘာ
မြန်မာနိုင်ငံမှာ ဖဆပလအဖွဲ့ချုပ်ကြီးရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုများနောက် လွတ်လပ်ရေးခေတ်ဦးကာလ များမှာ မြန်မာနိုင်ငံမှာ အလွန်ထင်ရှားအောင်မြင်တဲ့သတင်းစာကြီးများ၊ ကာတွန်းဆရာကြီးများ အများ အပြား ပေါ်ပေါက်ခဲ့ပါတယ်။
သတင်းစာများမှာ ရန်ကုန်သတင်းစာ၊ မြန်မာ့အလင်းသတင်းစာ၊ ဟံသာဝတီသတင်းစာ၊ ဗမာ့ခေတ်သတင်းစာ၊ ထွန်းနေခြည်သတင်းစာ၊ အိုးဝေသတင်းစာ အစရှိသဖြင့် သတင်းစာကြီးများ ပေါ်ပေါက်လာတဲ့အပြင် အရှေ့တောင်အာရှမှာ ပထမဆုံးစက္ကူလိပ်နှင့် တစ်ခါတည်းရိုက်နှိပ်တဲ့ ကြေးမုံသတင်းစာတိုက် ပေါ်ထွက်လာခဲ့ပါတယ်။
အများအပြား ပေါ်ပေါက်ခဲ့
ယင်းသတင်းစာကြီးများနဲ့အတူ သတင်းစာဆရာကြီးများ၊ ကာတွန်းဆရာကြီးများလည်း အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ ကာတွန်းဆရာ ဦးဘဂျမ်းမှာ ထိုခေတ်ထိုအခါက သတင်းစာများမှာသာမက မဂ္ဂဇင်းများမှာ ရေးဆွဲလေ့ရှိပြီး အထင်ရှားဆုံး ကာတွန်းဆရာကြီးတစ်ဦး ဖြစ်ပါတယ်။ သတင်းစာများတွင် နိုင်ငံရေးကာတွန်းများ ရေးဆွဲတဲ့နည်းတူ ရှုမဝမဂ္ဂဇင်းမှာ ပုံပြင်များ၊ သရုပ်ဖော်ပုံများလည်း ရေးဆွဲလေ့ရှိပါတယ်။ ကာတွန်းဆရာကြီး ဦးဟိန်စွန်းကမူ ခေါင်းမာတဲ့ကာတွန်းဆရာ အမည်နဲ့ ထင်ရှားသူဖြစ်ပါတယ်။ ဆရာဦးဖေသိန်းက နိုင်ငံရေးပုံပြင်နဲ့တခြားကာတွန်းများ ရေးဆွဲလေ့ရှိပါတယ်။ ဆရာ ဦးဘထွေး၊ မြေဇာတို့မှာ တစ်ကြောင်းဆွဲ တစ်ကွက်ကာတွန်းများဖြင့် ထင်ရှားကြသူများဖြစ်ပါတယ်။ ကာတွန်းဦးအောင်ရှိန်က ကြေးမုံခင်ဆိုတဲ့ ဇာတ်ရုပ်တွေကိုလည်း ရေးဆွဲခဲ့ပါတယ်။
အလွန်အောင်မြင်
ထိုနည်းတူ ဘားမားစတားစာစောင်မှာလည်း ကာတွန်းဦးအောင်ရှိန်ရဲ့ ဦးလူပေါနဲ့ ဦးလူချောဇာတ်ရုပ်များဟာ ထင်ရှားလှပါတယ်။ ဦးလူပေါမှာ ကတုံးနဲ့ဖြစ်ပြီး ဦးလူချောမှာ သျှောင်ထုံးနဲ့ဖြစ်ပါတယ်။ ထိုအချိန်တွင် မဂ္ဂဇင်းများအပြိုင်အဆိုင် ထွက်ပေါ်သည့်နည်းတူ ကာတွန်းစာစောင်များလည်း အပြိုင်အဆိုင်ထုတ်ဝေ ကြပါတယ်။ အများဆုံးထုတ်ဝေတဲ့ တိုက်နှစ်တိုက်မှာ ဦးဘရီသမီးများတိုက်နဲ့ ကိုတင်အောင်၊ မစန်း တိုက်များမှ ဖြစ်ပါတယ်။ ဦးဘရီသမီးများတိုက်မှ ကာတွန်းအောင်ရှိန်ရဲ့ နာမည်ကျော်ဇာတ်ဆောင်များဖြစ်တဲ့ ဦးရှံစား၊ ဦးဒိန်းဒေါင်၊ မျောက်ညိုနဲ့ ဦးစိတ်တို၊ ဦးကပ်စေး၊ သိပ္ပံဆရာကြီး ဦးဖိုးဆိတ်ဖြူတို့မှာ အလွန်ထင်ရှားပါ တယ်။ ကိုတင်အောင်၊ မစန်းတိုက်မှ ထုတ်ဝေတဲ့ မောင်ကမ္ဘာကာတွန်းစာစောင်များဟာလည်း အလွန်အောင်မြင်ခဲ့ပါတယ်။
ထိုနည်းတူ ရွှေဂေါင်းပြောင်နဲ့ သူရဲ့ ရဲဘော်များ စွန့်စားခန်းများကို ရေးဆွဲပြီး ကာတွန်းဆရာအောင်အောင်ဟာ ထင်ရှားလာပါတယ်။ ၎င်း ရွှေဂေါင်းပြောင်ဇာတ်လမ်းကို ရုပ်ရှင်ဇာတ်ကားအဖြစ် တိုးညွန့်ခေါင်းဆောင်ပါဝင်ပြီး ရိုက်ကူးဖြစ်ခဲ့ပါတယ်။ ထိုနည်းတူရှံစား၊ ဒိန်းဒေါင်ဇာတ်ကားများကိုလည်း ကိုသန်းနွဲ့၊ ကိုမြင့်ဖေတို့ဦးဆောင်ရိုက်ကူးခဲ့ပါတယ်။ ဒါရိုက်တာမှာ မြိတ်ကလာတဲ့ငံပြာရည် ဖြစ်ပါတယ်။
ကာတွန်းအောင်ရှိန်နဲ့ မောင်မိုးသူ သိကျွမ်းရင်းနှီးကြသော်လည်း အလုပ်အတူတူမလုပ်ခဲ့ဖူးပါ။ အလုပ်အတူတူလုပ်ခဲ့ဖူးသူမှာ ကာတွန်းဆရာသော်က ဖြစ်ပါတယ်။ ကာတွန်းဆရာသော်ကရဲ့ အရိုင်းဇာတ်ရုပ်နဲ့ ရုပ်ပြများဟာ အလွန်ထင်ရှားပါတယ်။ အရိုင်းကာတွန်းစာအုပ်များကို ဘားလမ်းမှာ မောင်မိုးသူရဲ့ မိတ်ဆွေဖြစ်သူ ကိုမင်းဆွေတိုက်မှ အလွန်အောင်မြင်စွာ ထုတ်ဝေခဲ့ကြပါတယ်။ကိုမင်းဆွေမှာ စာအုပ်ထုတ်လုပ်ရာတွင် အလွန်သပ်ရပ်သေချာသူဖြစ်ပြီး အရိုင်းကာတွန်းစာအုပ်ရဲ့ အဖုံးများကိုကိုသော်ကက ရုပ်ပုံများရေးဆွဲရပြီး နောက်ခံရှုခင်းနှင့်အရောင်များကို မောင်မောင်သိုက်က ခြယ်မှုန်းရပါတယ်။
အမြဲသွားရောက်လေ့ရှိ
မဂ္ဂဇင်းများနဲ့ သတင်းစာများတွင် ထင်ရှားတဲ့ကာတွန်းဆရာများဖြစ်တဲ့ ကာတွန်းမောင်စိန်၊ ကာတွန်း ရွှေမင်းသား၊ ကာတွန်းငွေကြည်၊ ကာတွန်းမြေဇာ၊ ကာတွန်းသော်ကတို့ ရေးဆွဲလေ့ရှိကြပါတယ်။ ကာတွန်း ဝင်းမောင်ရဲ့ မိမော်မေမ ကာတွန်းများဟာ ထိုခေတ်ထိုအခါက အလွန်ထင်ရှားသော ကာတွန်းများဖြစ်ပါတယ်။ ကာတွန်းအောင်ရှိန်ရဲ့ ဦးရှံစား၊ ဦးဒိန်းဒေါင်တို့နာမည်ကြီးသကဲ့သို့ ကြံ့ဗဟုံးကလည်း ထင်ရှားလှပါတယ်။ မဂ္ဂဇင်းသရုပ်ဖော် ပန်းချီဆရာများအနက် ဆရာဦးအုန်းလွင်၊ ဦးဆန်းလွင်၊ ဦးကိုလေးတို့က အလွန်ထင်ရှားကြပြီး ဦးသောင်းဟန်ဟာ ရေးချက်အသစ်များနဲ့ထင်ရှားတဲ့ မဂ္ဂဇင်းသရုပ်ဖော်ပန်းချီဆရာကြီးတစ်ဦး ဖြစ်လာပါတယ်။ စာနယ်ဇင်းလောကကို ရောက်ရှိနေပြီဖြစ်တဲ့ မောင်မိုးသူက ကိုတင်အောင်၊ မစန်းရဲ့တိုက်မှာ ကိုနတ်နွယ်ထိုင်သည်ဖြစ်၍ အမြဲသွားရောက်လေ့ရှိပါ တယ်။
မောင်မိုးသူရဲ့ မိုးဦးပန်းစာအုပ်များကို ကိုတင်အောင်၊ မစန်းပုံနှိပ်တိုက်တွင် စတင်ရိုက်နှိပ်ထုတ်ဝေခဲ့ခြင်း ဖြစ်ပါ တယ်။ ကိုတင်အောင်၊ မစန်းတိုက်ကနေ မီးရထားသံလမ်း ခုံးကျော်တံတားအမည်းကို ကျော်ဖြတ်လိုက်တာနဲ့တစ်ဖက်မှ ရေကျော်ဝတ်ကျောင်းလမ်းသို့ ရောက်ရှိပါတယ်။ ရေကျော်ဝတ်ကျောင်းလမ်းတွင် ခင်ကျော်ဘလောက် တိုက်ရှိပါတယ်။ ကိုတင်အောင်၊ မစန်းတိုက်မှကိုနတ်နွယ်ဦးစီးတဲ့ မိုးဝေမဂ္ဂဇင်းမှာ ရှစ်ချိုးနှစ်ကျပ်တန်ဖြစ်ပြီး ရေကျော်ဝတ်ကျောင်းလမ်းမှ ဖိုးခင်ဦးရဲ့ လျှို့ဝှက်သည်းဖိုမဂ္ဂဇင်းမှာ တစ်ဆယ့်ခြောက်ချိုး တစ်ကျပ်တန်ဖြစ်ပါတယ်။ အယ်ဒီတာက မောင်သက်နောင်နဲ့မောင်သိန်းဆိုင်တို့ ဖြစ်ပါတယ်။ တစ်ကျပ်တန် လျှို့ဝှက်သည်းဖိုမဂ္ဂဇင်းဟာ ဘလောက်တိုက်ပိုင်ရှင်က ထုတ်ဝေတဲ့ မဂ္ဂဇင်းဖြစ်တဲ့အတွက် ပန်းချီပုံများ အများကြီးသုံးခြင်း၊ ကာတွန်းပုံများ အများကြီးသုံးနိုင်ခြင်းတို့ကြောင့် မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံးပန်းချီဆရာများ၊ ကာတွန်းဆရာများမှာ လျှို့ဝှက်သည်းဖိုမဂ္ဂဇင်းထွက် ပုဂ္ဂိုလ်များဖြစ်ကြပါတယ်။ ထိုအချိန်တွင် တစ်ကျပ်တန်စံရွှေမြင့် ရုပ်ပြစာအုပ်များလည်း အလွန်အောင်မြင်ထင်ရှားခဲ့ပါတယ်။ စံရွှေမြင့်ကိုဖန်တီးသည့် ပန်းချီဆရာမှာ ကာတွန်းမြင့်သိန်းဖြစ်ပြီး သန်လျင်မှာ နေထိုင်သူတစ်ဦးဖြစ်ရာ မောင်မိုးသူရဲ့ သောက်ဖော်စားဖက်မိတ်ဆွေတစ်ဦးလည်း ဖြစ်ပါတယ်။ ထို့ကြောင့်သန်လျင်ဘက်ကမ်းက ကိုမြင့်သိန်းအိမ်ကို တကူးတကသွားရောက်ပြီး သောက်စားဖြစ်ခဲ့ပါတယ်။ ကာတွန်းမြင့်သိန်းရဲ့ စံရွှေမြင့်ဇာတ်လမ်းများကို ရုပ်ရှင်ကုမ္ပဏီများက ဝယ်ယူရိုက်ကူးခြင်းများ ပြုလုပ်ကြပါတယ်။ ထိုအခါ ကာတွန်းမြင့်သိန်းက မောင်မိုးသူအား သူကိုယ်တိုင်ထုတ်လုပ်တဲ့ စံရွှေမြင့်ဇာတ်ကားတစ်ကားရိုက်ကူးဖို့ အပ်နှံခဲ့ပါတယ်။ ထိုအချိန်က မောင်မိုးသူဟာ မှုန်နံ့သာခြယ်ကာသပါလို့၊ ကျနော့်နာမည်ကျော်ကျော် ဇာတ်ကားများကိုရိုက်ကူးအပြီး ရန်ကင်းရုပ်ရှင် ဦးထွန်းဝေအတွက်သက်ထားဆိုသော မိန်းမချောဇာတ်ကားကို ရိုက်ကူးနေရာ ရန်ကင်းရုပ်ရှင်မှာ ပန်းချီဦးအေးမြင့်၊ ပန်းချီပေါ်ဦးသက်၊ ဝင်းဖေတို့နဲ့အတူ အမြဲထိုင်လေ့၊ သောက်စားလေ့ရှိပါတယ်။ ကာတွန်းမြင့်သိန်းနဲ့သူ့ရဲ့အစ်ကိုတို့က မောင်မိုးသူအား စံရွှေမြင့်ဇာတ်ကားတစ်ကားရိုက်ကူးရန် အပ်နှံခဲ့ရာ စံရွှေမြင့်လေးခင်ခင်ဇာတ်ကားမှာ မောင်မိုးသူ တာဝန်ခံရိုက်ကူး ပေးခဲ့ရပါတယ်။ စံရွှေမြင့် လေးခင်ခင်ဇာတ်ကားမှာ ဇော်လင်း၊ ထွန်းထွန်းဝင်းနဲ့ နွဲ့နွဲ့မူတို့ ခေါင်းဆောင်ပါဝင်ကြပါတယ်။
ဤသို့ ဤသို့အားဖြင့် စာပေလောကသို့ရောက်ရှိနေတဲ့ မောင်မိုးသူဟာ မဂ္ဂဇင်းတိုက်များနဲ့လည်း ရင်းနှီး၊ ပန်းချီဆရာများနဲ့လည်း ရင်းနှီး၊ ကာတွန်းဆရာများနဲ့လည်း ရင်းနှီးသည့်အပြင် ရုပ်ရှင်ဇာတ်ကားများပါ ရိုက်ကူးဖြစ်တဲ့အတွက် ရုပ်ရှင်လောကသားများနဲ့လည်း ရင်းနှီးသူတစ်ဦး ဖြစ်လာပါတယ်။ ။
မောင်မိုးသူ