နေပြည်တော် ဇန်နဝါရီ ၆

 

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ(၁/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်နှင့် အမျိုးသမီးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူးများက Online ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း- NSPAW (၂၀၂၃-၂၀၃၂) ၏ လုပ်ငန်းနယ်ပယ် (၁၂) ရပ်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ NSPAW လုပ်ငန်းကော်မတီ (၁၂) ရပ်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မှု ကနဦးအစီရင်ခံစာနှင့် (၂) နှစ်လျှင် တစ်ကြိမ် အစီရင်ခံစာ တင်သွင်းနိုင်ရေး၊ ကျား၊ မ ရေးရာလုပ်ငန်းစဉ်များကို ကဏ္ဍစုံတွင်ထည့်သွင်းခြင်း (Gender Mainstreaming) ဆောင်ရွက်နိုင်ရန် ခန့်အပ်ထားသည့် သက်ဆိုင်ရာဌာနများမှ Gender Focal Point များက လုပ်ငန်းဆောင်ရွက်မှုများကို (၃) လတစ်ကြိမ် အစီရင်ခံစာ ပြုစုတင်ပြရေးတို့ကို ဆွေးနွေးရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ရှိသော အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အခန်းတွင် တည်ရှိနေသောကြောင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းကို ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲထားခြင်းဖြစ်၍ အမျိုးသား၊ အမျိုးသမီးအားလုံး သိရှိနိုင်ရန် အသိပညာပေးခြင်းများ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း - NSPAW တွင် ပါဝင်သည့် လုပ်ငန်းနယ်ပယ် (၁၂) ရပ်အနက် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း NSPAW လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်