နေပြည်တော် ဒီဇင်ဘာ ၁၃

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့် ကော်မတီဝင်များ၊  မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော် အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) အရ  နှစ်နှစ်လျှင် တစ်ကြိမ် အစီရင်ခံ စာရေးသားခြင်းနှင့် စစ်တမ်းကောက်ယူခြင်းတို့ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဟာဗျူဟာ စီမံကိန်းပါလုပ်ငန်း နယ်ပယ် (၁၂) ရပ်အနက် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ(၂/၂၀၂၄) အစည်းအဝေးတွင် တင်ပြရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃ ရက်က ပြုလုပ်ခဲ့သည့် မြန်မာ အမျိုးသမီးများနေ့ အခမ်းအနားတွင်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)ကို Video Clip ဖြင့် မိတ်ဆက်အသိပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မဟာဗျူဟာစီမံကိန်း၏ ကနဦးအစီရင်ခံ စာရေးသားရေးနှင့်ပတ်သက်ပြီး လုပ်ငန်းကော်မတီဝင်များအနေဖြင့် စီမံကိန်းအကောင်အထည်ဖော်မှု၏ အားနည်းချက်၊ အားသာချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြုကြရန် ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များက  NSPAW (၂၀၂၃-၂၀၃၂) တွင် ပါဝင်သည့် လုပ်ငန်းနယ်ပယ် (၁၂) ရပ်အနက် လက်ရှိအကောင်အထည် ဖော်ဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို  ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်