မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) ကျင်းပရေး တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်     ဧပြီ     ၇

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄)ကျင်းပရေး တတိယအကြိမ် ညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဆက်စပ် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့အစည်းအဝေးသည် ပညာရေးညီလာခံ (၂၀၂၄) ကျင်းပနိုင်ရေး အတွက် ဒုတိယအကြိမ်အစည်းအဝေးတွင် ညီလာခံဦးတည်ချက် (Main Theme)အတွက် အဆိုပြုခေါင်းစဉ်(၃)ခုကို ရွေးချယ်ခဲ့ပြီး သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် ဧပြီ ၃၀ ရက်တွင် ကျင်းပသည့် အခြေခံပညာ Grade 12 နှင့် အဆင့်မြင့်ပညာ(တက္ကသိုလ်)သင်ရိုးများ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပွဲ၌ “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးကို ပိုမိုမြှင့်တင်ပေး” ခေါင်းစဉ်ကို ရွေးချယ်အတည်ပြုပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအလိုက် ကဏ္ဍ ၆ ရပ်အတွက် စာတမ်းခေါင်းစဉ်နှင့် စာတမ်းအကျဉ်းချုပ်များကိုလည်း ရရှိပြီးဖြစ်ပါကြောင်း၊ ပေးပို့လာသည့်စာတမ်း ခေါင်းစဉ်များအပေါ် ပြင်ဆင်ဖြည့်စွက်ကာ လိုအပ်သည်များကို ဆွေးနွေးပေးကြစေလိုပါကြောင်း၊ တစ်နှစ်တာ ရေတို/ ရေရှည် ရှေ့လုပ်ငန်းစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ပတ်သက်၍ ညီလာခံတွင်တင်ပြမည့် Format သတ်မှတ်ရန်နှင့် ပြခန်းများ ပြသရေးဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေး ဆုံးဖြတ်ချက် များကို အတည်ပြုပြီးနောက် ကျင်းပရေးစီမံချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ လမ်းညွှန်မှုခံယူတင်ပြသွားမည်ဖြစ်ပါကြောင်း၊ စီမံချက် ခွင့်ပြုချက် ရပြီးသည့်အခါ ဦးစီးကော်မတီ အစည်းအဝေး ကျင်းပရန်ရှိပါကြောင်း၊ ပညာရေးညီလာခံ(၂၀၂၄)ကို ယခင်နှစ်ကဲ့သို့ သိုက်သိုက်ဝန်းဝန်းဖြင့် ပြီးမြောက်အောင်မြင်ရန်အတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ပေးကြစေလိုပါကြောင်းပြောကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က ညီလာခံရည်ရွယ်ချက်၊ ပြခန်း အရွယ်အစားအရေ အတွက်နှင့်၊ စာတမ်းခေါင်းစဉ် (၃၆)ခုနှင့် ၂၀၂၃ ခုနှစ် ညီလာခံ ရှေ့လုပ်ငန်းအစီအမံများ အကောင်အထည်ဖော်ပြီးစီးမှုအခြေအနေ တင်ပြရေးကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးဆုံးဖြတ် ပေးနိုင်ရန်တင်ပြသည်။

 

ထို့နောက် တက်ရောက်လာသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနစသည့် ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက မိမိတို့ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဖတ်ကြားမည့် စာတမ်းခေါင်းစဉ်များ၊ ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။

 

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက ညီလာခံဦးတည်ချက်နှင့် ဆွေးနွေးသင့်သည့် ခေါင်းစဉ်များနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးကြကာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး ညှိနှိုင်းအစည်း အဝေး အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)