ရန်ကုန် ဇူလိုင် ၂၆
မုံရွာမြို့ စုဒ္ဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ (မုံရွာစာဖြေဌာန) သုတစုံလင် ဗုဒ္ဓဝင် - မုံရွာ သာသနာပြုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ဖွင့်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မုံရွာမြို့ ရုံးကြီးရပ် ရူပါရုံသုဓမ္မစာရီ ဗိမာန်တော်ကြီး၌ ကျင်းပသည်။
ဦးစွာ ရူပါရုံသုဓမ္မစာရီ ဗိမာန် တော်ဆရာတော်ကြီးက ဖွင့်လှစ်သင်ကြားရသည့် အကြောင်း မိန့်ကြားတော်မူပြီး စစ်ကိုင်းတိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ပညာတိက္ခနှင့် နာယကဆရာတော် ဘဒ္ဒန္တဝိဇယ တို့က သြဝါဒချီးမြှင့်တော်မူသည်။
ထို့နောက် မုံရွာစာဖြေဌာန ကျင်းပရေးကော်မတီ ဖွဲ့စည်းပုံကို ဖတ်ကြားအတည်ပြုပြီး စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က ဝမ်းမြောက်စကားပြောကြားကာ ကော်မတီ ဥက္ကဋ္ဌဒေါ်မဉ္ဇူက ကော်မတီ ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးကျော်တင်က လုပ်ငန်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ကုသိုလ်ရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ကော်မတီအဖွဲ့ဝင်များက ဆရာတော်ကြီးများ ရှေ့မှောက်တွင် ထမ်းဆောင်ရမည့် လုပ်ငန်းများအတွက် လက်မှတ်ရေးထိုး တာဝန်ယူကြသည်။
သုတစုံလင်ဗုဒ္ဓဝင် မုံရွာစာဖြေဌာန ကော်မတီကို သြဝါဒဆရာတော် ကြီးခြောက်ပါး၊ နာယကချုပ်နှင့် နာယကဆရာတော်ကြီး ၂၂ ပါး၊ သင်ကြားရေး ဆရာ ဆရာမ ၁၅ ဦး၊ ပြင်ပအကျိုးတော်ဆောင်အဖွဲ့ ဝင် ၁၉ ဦး၊ စီမံအုပ်ချုပ်မှုဆရာတော်၊ သင်တန်းမှူးဆရာတော်နှင့်တကွ ကော်မတီနာယကကြီး ငါးဦး၊ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ နှစ်ဦး၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး နှစ်ဦး၊ ဘဏ္ဍာရေးမှူး၊ တွဲဖက်ဘဏ္ဍာရေးမှူး၊ စာရင်းကိုင်၊ တွဲဖက်စာရင်းကိုင်၊ စာရင်းစစ်၊ တွဲဖက်စာရင်းစစ်၊ ရုံးအဖွဲ့မှူးနှင့် ရုံးအကူနှစ်ဦး စုစုပေါင်း ၁၅ ဦးဖြင့် ကော်မတီကို ဖွဲ့စည်းထားသည်။
မျိုးဝင်းထွန်း(မုံရွာ)


