ရန်ကုန် ၁၂ နိုဝင်ဘာ

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ရန်ကုန်တိုင်းဒေသကြီး)တို့၏ ဒုတိယအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အခမ်းအနားကို ယနေ့မွန်းလွဲ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

jodfw

 

အခမ်းအနားတွင် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် အဂ္ဂမဟာ ပဏ္ဍိတ ဂုဏ်ထူးဆောင် ဓမ္မပါရဂူ မဟာသိမ်တော်ကြီးဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရထံမှဧည့်ပရိသတ်များက ငါးပါးသီလခံယူတည်ဆောက်ကြပြီး ဆရာတော် သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။

 

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း ဥက္ကဋ္ဌက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ရန်ကုန်တိုင်းဒေသကြီး သာသနာနုဂ္ဂအသင်း ဥက္ကဋ္ဌက ကထိန်လှူဒါန်းရခြင်း အကြောင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။

 

ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မဟာသိမ်တော်ကြီးဆရာတော်ထံမှ အနုမောဒနာတရား နာယူကြသည်။

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ရန်ကုန်တိုင်းဒေသကြီး)မှ လှူဒါန်းသည့် ကထိန်ပဒေသာပင် (၁၀၄) ခုကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ စာသင်တိုက်များသို့ ဆက်လက်လှူဒါန်း သွားမည်ဖြစ်သည်။

 

မင်းသစ်