ရန်ကုန် ၁ သြဂုတ်
မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်းမှကြီးမှူးပြီး ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်မြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် အသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာရဲအောင်က အမှာစကား ပြောကြားပြီး အ.ထ.က (၁) မရမ်းကုန်း ခေတ္တကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ရွှေက ကျေးဇူးတင်စကားပြောကြားကာ ဒုတိယဥက္ကဋ္ဌ ဒေါက်တာရဲအောင်က ယဉ်ကျေးလိမ္မာ သင်ကြားရေး စာအုပ်များကို ပေးအပ်လှူဒါန်းသည်။
ယခုဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၂၀ဝ၀ ကျော် တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းမှ ကြီးမှူးပြီး ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ယဉ်ကျေးလိမ္မာသင်တန်း (၈၉) ကြိမ် ဖွင့်လှစ်ပို့ချနိုင်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်မှ စတင်ကာ နှစ်စဉ် ယဉ်ကျေးလိမ္မာ သင်တန်းများကို ပို့ချပေးခဲ့ရာ သင်တန်းနည်းပြ ဆရာ၊ ဆရာမ ဦးရေ ၁၈၀ဝ ခန့် မွေးထုတ်ပေးနိုင်ခဲ့ပြီး သင်တန်းဆင်း ဆရာ၊ ဆရာမများမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့တွင် ကျောင်းပိတ်ရက်များ၌ သာသနာနုဂ္ဂဟအသင်းဗဟို၏ ကူညီပံပိုးမှုဖြင့် ယဉ်ကျေးလိမ္မာ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
လင်းလင်း


