နေပြည်တော် ဖေဖော်ဝါရီ ၁၄

မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)ကို ယနေ့နံနက် (၉)နာရီတွင် ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာနိုင်ငံလူငယ်ရေး ရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာစိုးဝင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက In-Person ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီ/တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌများက Video Conferencing ဖြင့်လည်းကောင်း တက်ရောက်ကြသည်။

အစီအစဉ်အရ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဥက္ကဋ္ဌက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လူငယ်များအား နည်းမှန်လမ်းမှန်ဖြင့် စနစ်တကျပြုစုပျိုးထောင်ပေးရာတွင် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်ရေးရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် အဓိကဦး ဆောင်ဝန်ကြီးဌာနများဖြစ်ကြသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် အာဆီယံအသိုက်အဝန်း၊ INGO အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ချိတ်ဆက်ပြီး လူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေး(AMMY)၏ ဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်လျက်ရှိပါကြောင်း၊ (၁၃) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကိုလည်း ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလအတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည့်အတွက် ဗဟိုကော်မတီဝင် ဆက်စပ်ဝန်ကြီးဌာနများကလည်း သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ လူငယ်ရေးရာ ကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းအချို့ကို တွဲဖက်တာဝန်ပေးစေလွှတ်ထားရှိပြီး ကျန်ရှိနေသည့် တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ထပ်မံစေလွှတ်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူငယ်ရေးရာဦးစီးဌာန ဦးစီးမှူးရုံးများကိုလည်း ဖွင့်လှစ်သွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌများက လူငယ်များ ဗလ ငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် အဓိကစွမ်းအားစုများအဖြစ် ပါဝင်လာစေရန် ဗဟိုကော်မတီအနေဖြင့် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဇင်မင်းထက် က မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂)၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ၏ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟို ကော်မတီအဖွဲ့ဝင်များနှင့် နေပြည်တော်ကောင်စီ/တိုင်းဒေသကြီး/ပြည်နယ် လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးတင်ပြကြပြီး မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြမှုများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်