နေပြည်တော် ဇန်နဝါရီ ၁၇
အာဆီယံအသိုက်အဝန်း၏ ရည်မှန်းချက်များနှင့်အညီ လူငယ်များအချင်းချင်း အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများရရှိစေရေး၊ အာဆီယံလူငယ်ဆိုင်ရာ လုပ်ငန်းအစီအစဉ်များတွင် လူငယ်များတက်ကြွစွာ ပါဝင်ဆောင်ရွက်လာနိုင်စေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး "မြန်မာလူငယ်များရဲ့ အခန်းကဏ္ဍကို အားပေးမြှင့်တင်လို့ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးဖော်ဆောင်ကြပါစို့" လူငယ်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(မြေညီထပ်)၊ GYM ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနအနေဖြင့် မြန်မာလူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတော်အ တွက်အားထားရသည့် နိုင်ငံ့သားကောင်းများဖြစ်လာစေရန် လုပ်ငန်းစဉ်(၁၀)ရပ် ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာလူငယ်များ နိုင်ငံတကာလူငယ်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ကဏ္ဍပေါင်းစုံ တွင်ထိရောက်စွာပူးပေါင်း ဆောင်ရွက်နိုင်စေရန် ညှိနှိုင်းချိတ်ဆက်ပေးလျက်ရှိကြောင်း။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး(AMMY)နှင့် အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အ ရာရှိကြီးများ အစည်းအဝေး(SOMY)တို့၏ လုပ်ငန်းတာဝန်များကို အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံ အပေါင်း(၃)နိုင်ငံများ၊ နိုင်ငံတကာလူငယ်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် (၁၃)ကြိမ်မြောက် အာဆီယံလူငယ် ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး နှင့်ဆက်စပ်အ စည်းအဝေးများကို မြန်မာနိုင်ငံမှ ဥက္ကဋ္ဌ အဖြစ် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (သို့မဟုတ်) နိုဝင်ဘာလအတွင်း ကျင်းပသွားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ယခုအလုပ်ရုံ ဆွေးနွေးပွဲမှတဆင့် မျိုးဆက်သစ်လူငယ်များ သိသင့်သိထိုက်သည့် ဗဟုသုတများရရှိပြီး ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်ပြီး အာဆီယံ လူမှုရေး - ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အာဆီယံဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်၏ အမှာစကားပြောကြားသည့် Video Clip အားပြသခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။
ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံဒေသတွင်းရှိ လူငယ်များအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး လူငယ်ရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဘာသာရပ် ဆိုင်ရာကျွမ်းကျင်သူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးပြောကြားခဲ့ပြီးနောက် လူငယ်ကိုယ်စားလှယ်များက သိရှိလိုသည်များကိုမေးမြန်းခြင်း၊ အာဆီယံဉာဏ်စမ်းပဟေဠိအစီအစဉ် ပြုလုပ်ခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် အဖွဲ့လိုက်ပြန်လည်တင်ပြခြင်းအစီအစဉ်များတွင် တက်ကြွစွာပူးပေါင်းပါဝင်ခဲ့ကြသည်။
ယင်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် က နိဂုံးချုပ် အမှာစကားပြောကြားပြီး လူငယ်အလုပ်ရုံဆွေးနွေးပွဲတွင် ဟောပြောပို့ချပေးသည့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် အာဆီယံဉာဏ်စမ်းပဟေဠိအစီအစဉ်တွင် အမှတ်အများဆုံးရရှိခဲ့သည့် လူငယ်ကိုယ်စားလှယ်အဖွဲ့ကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ယခုကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲ၏ Sideline အခမ်းအနားအနေဖြင့် ဇန်နဝါရီ(၁၈)ရက် တွင် "ASEAN Talk Watchparty and Feedback Session" အား Virtual စနစ်ဖြင့် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ လူငယ်အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ လူငယ်ကိုယ်စားလှယ်များက In-person ဖြင့်လည်းကောင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများက Virtual စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်