နေပြည်တော် ဩဂုတ် ၆
မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၄)ကို ယနေ့ မွန်းလွဲ (၁)နာရီက ရုံးအမှတ်(၃၁)၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်၊ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်း ကော်မတီအဖွဲ့ဝင်များနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များက In-Person ဖြင့်လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌများက Video Conferencing ဖြင့်လည်းကောင်း တက်ရောက်ကြသည်။
ဉီးစွာ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “လူငယ်လူရွယ်များ၏ အကျင့်စာရိတ္တများ ကောင်းမွန်စေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်များရှိပြီး တိုင်းပြည်၏ဂုဏ်ကို မြှင့်တင်လိုစိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် စောင့်ထိန်းလိုစိတ်များ ဖြစ်ပေါ်လာစေရေး အတွက် စနစ်တကျဖြင့် လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန်” နှင့် နိုင်ငံ့အရေးကိုစိတ်ဝင်စားသည့် လူငယ်များ၊ လုပ်ငန်းရှင်များကို လက်တွဲခေါ်ယူ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား ထားပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်(၁၂)ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များအနေ့ အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ဇူလိုင် ၅ ရက်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) တွင် ဆုံးဖြတ်ချက်များချမှတ်ခဲ့ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် ဆောင်ရွက်ရန်ကျန်ရှိ သည့် လုပ်ငန်းများကို ယခုအစည်းအဝေးတွင် ဆွေးနွေးတင်ပြပေးရန်လိုကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အခမ်းအနားသို့ တက်ရောက်မည့်သူများ တည်းခိုနေထိုင်စားသောက်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အခက်အခဲများရှိက ဆွေးနွေးတင်ပြပေးရန်နှင့် ဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်က မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၄) ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဩဂုတ် ၁၂ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဆက်စပ် အစီအစဉ်များနှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်း ကော်မတီအဖွဲ့ဝင်များနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များက အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားနှင့် ဆက်စပ်အစီအစဉ်များ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များကို ထူးချွန်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ထူးချွန် ကျောင်းသား/ ကျောင်းသူ များနှင့် ဝန်ထမ်းများ၊ လူရည်ချွန်ဆုရရှိသူများကို စိစစ်ရွေးချယ်ခဲ့မှုများနှင့် ပတ်သက်၍ လည်းကောင်း ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)


