နေပြည်တော် ၅ ဧပြီ
အာဆီယံခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး (ASEAN Tourism Committee Meetings) များကို မြန်မာနိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ် အင်းလေးဒေသရှိ Novotel Inle Lake Myat Min Hotel တွင် မတ် ၃၁ ရက်မှ စတင်ကျင်းပပြုလုပ်ခဲ့ရာ ယနေ့ဧပြီ ၅ ရက် ယနေ့တွင် ကျင်းပပြီးစီးခဲ့ကြောင်း သိရပါသည်။

အစည်းအဝေးကာလအတွင်း အာဆီယံခရီးသွားလုပ်ငန်းကော်မတီ (၄) ရပ်ဖြစ်သော အာဆီယံ ခရီးသွား လုပ်ငန်း ကျွမ်းကျင်ပညာရှင်များ ကြီးကြပ်မှုကော်မတီအစည်းအဝေး၊ အာဆီယံခရီးသွားလုပ်ငန်း ယှဉ်ပြိုင် စွမ်းရည်မြှင့်တင်ရေးကော်မတီအစည်းအဝေး၊ အာဆီယံခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပြည်သူပါဝင်ရေး ကော်မတီအစည်းအဝေး၊ အာဆီယံ ခရီးသွားလုပ်ငန်း အရင်းအမြစ်ရှာဖွေ ဖော်ထုတ်ရေး၊ ကြီးကြပ်ရေးနှင့် စစ်ဆေးအကဲဖြတ်ရေး ကော်မတီ အစည်းအဝေးများကို ကျင်းပခဲ့ပါသည်။
ထို့အပြင် ဆက်စပ်အစည်းအဝေးနှင့် အခမ်းအနားများဖြစ်သည့် အာဆီယံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး မိတ်ဖက်အဖွဲ့အစည်းအဝေး၊ အစည်းအဝေးဖွင့်ပွဲ အခမ်းအနား၊ ညစာစားပွဲ အခမ်းအနားများနှင့် အင်းလေးကန်အတွင်း လေ့လာရေး ခရီးစဉ်ကိုလည်း စီစဉ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံက ဖော်ပြပါ အာဆီယံခရီးသွားလုပ်ငန်း ကော်မတီအစည်းအဝေးများကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီးနောက် နောက်တစ်ကြိမ်အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ်၂၀၁၉ ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့မှ (၁၁) ရက်နေ့အထိ Boracay မြို့တွင် လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
MDN