မြန်မာနိုင်ငံမှ အင်တာနက်သုံးသူတိုင်း အတွင်ကျယ်ဆုံး အသုံးပြုနေသော Google ၏ AI စနစ်ဖြစ်သည့် Gemini AI တွင် ယခု ဩဂုတ် ၁ ရက်မှစ၍ မြန်မာဘာသာဖြင့်အသုံးပြုရန်အတွက် စတင်ထောက်ပံ့ပေး လိုက်ပြီဖြစ်ရာ မြန်မာနိုင်ငံသားများအနေဖြင့် AI စနစ်ကို ယခင်ကထက် ပို၍လွယ်ကူစွာ အသုံးပြုနိုင်ပြီဖြစ်သည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလက စတင် ထုတ်လုပ်လိုက်သော ChatGPT ကြောင့် ကမ္ဘာတစ်ဝန်းတွင် AI နည်းပညာများကို အသုံးပြုမှုသည် တစ်ဟုန်ထိုး မြင့်တက်ခဲ့သော်လည်း မြန်မာနိုင်ငံမှ အသုံးပြုသူများအနေ ဖြင့်မူ ဘာသာစကား အခက်အခဲကြောင့်သော်လည်းကောင်း၊ သီးခြားပလက်ဖောင်းတစ်ခု ဖြစ်သည့် ChatGPT ကို သွားရောက်အသုံးပြုရခြင်းကြောင့်လည်းကောင်း အခက်အခဲများ ရှိခဲ့ကာ လူငယ်အနည်းစုသာ AI နည်းပညာ များကို အသုံးပြုခဲ့ကြသည်။
ChatGPT ကို အဆင့်မြှင့်လာခဲ့သော ChatGPT- 4o AI ကို ယခုနှစ် ဇူလိုင်လအတွင်းက စတင် အသုံးပြုခွင့်ရပြီးနောက်တွင် ယင်း AI သည် မြန်မာဘာသာကို နားလည်ရုံသာမက မြန်မာဘာသာဖြင့်ပါ ချောမွေ့အောင် ပြန်လည်ဖြေကြားပေးနိုင်သဖြင့် မြန်မာနိုင်ငံမှ အသုံးပြုသူများအတွက် ပို၍အဆင်ပြေ လာခဲ့သည်။ သို့သော်သီးခြားပလက်ဖောင်း ပေါ်တွင်ရှိနေသဖြင့် GPT Account ထပ်ဖွင့်ရန် လိုအပ်ခြင်းနှင့် စတင်သုံးစွဲလိုသူများ သည် Waiting List တွင် စာရင်းပေး၍ စောင့်ရခြင်းတို့ကြောင့် အသုံးပြုသူအရေ အတွက်မှာ နည်းနေခဲ့သေးသည်။
ဂျီမေးလ်အကောင့်တစ်ခုရှိရုံဖြင့်အလွယ်တကူသုံးနိုင်
ဂူဂဲလ်က ဩဂုတ် ၁ ရက်တွင် စတင် မိတ်ဆက်လိုက်သော Gemini AI အပ်ဒိတ်တွင်မူ မြန်မာဘာသာကို စတင်ထောက်ပံ့ပေးလိုက်ပြီဖြစ်၍ အသုံးပြုသူများသည် ဂျီမေးလ်အကောင့်တစ်ခုရှိရုံဖြင့်ပင် ဖုန်းနှင့်ဖြစ်စေ၊ ကွန်ပျူတာနှင့်ဖြစ်စေ အလွယ်တကူ သုံးနိုင်ပြီဖြစ်သည်။ Gemini AI ကို ကွန်ပျူတာ သို့မဟုတ် ဖုန်း၏ Browser များဖြင့် အသုံးပြုရန်အတွက် Google Account ဝင်ထားပြီးသော Browser တွင် Gemini.google.com ဝက်ဘ်ဆိုက်လိပ်စာကိုရိုက်၍ ဝင်လိုက်ရုံဖြင့် မည်သည့် Account မှ ထပ်ဖွင့်ရန် မလိုတော့ဘဲ Gemini AI ကို သုံးနိုင်မည် ဖြစ်သည်။
ထို့အပြင် ဖုန်းများတွင် မိုဘိုင်းအက်ပလီကေးရှင်းဖြင့် အသုံးပြုလိုသူများအနေဖြင့်လည်း ပလေးစတိုးတွင် Google Gemini အက်ပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲ၍ အကောင့်ထပ်ဖွင့်ရန်မလိုအပ်ဘဲ သုံးနိုင်မည် ဖြစ်သည်။ အက်ပလီကေးရှင်းကို မည်သည့် ဖုန်း၊ မည်သည့် အန်းဒရွိုက်ဗားရှင်းတွင်ဖြစ်စေ ပေါ့ပါးစွာသုံးနိုင်ရန် ထုတ်လုပ်ထားရာ အလယ်အလတ်တန်းဖုန်းများကိုသာ သုံးစွဲနိုင်မှုများသော မြန်မာနိုင်ငံသားများအတွက် ပို၍လွယ်ကူစွာ လက်လှမ်းမီစေမည့်အချက်ဖြစ်သည်။ ဒေါင်းလုပ်ဆွဲပြီး ချက်ချင်းအသုံးမပြုနိုင်ပါက ဖုန်းတွင်ထည့်ထားသော Google App ကို တစ်ကြိမ်အပ်ဒိတ်လုပ်ပေးလိုက်ရန်သာ လိုအပ်မည်ဖြစ်သည်။
ဆယ်ကျော်သက်များအတွက် အထောက်အကူဖြစ်စေရန် ဒီဇိုင်းထုတ်ထား
Gemini AI ကို အသက် ၁၃ နှစ်နှင့် အထက် မည်သူမဆို အသုံးပြုနိုင်ရန် ဆောင်ရွက်ထားကြောင်းလည်း ဂူဂဲလ်က ဩဂုတ် ၁ ရက် အပ်ဒိတ်တွင် ဖော်ပြထားသည်။ ဆယ်ကျော်သက်များအနေဖြင့် Gemini AI ကို ဘေးကင်းစွာ အသုံးပြုနိုင် ရန်အတွက် နောက်ထပ်မူဝါဒများနှင့် အကာအကွယ်များကို အပ်ဒိတ်တွင် ထည့်သွင်း မိတ်ဆက်ထားကြောင်း၊ ယခုအပ်ဒိတ်တွင် AI တတ်မြောက်မှု လမ်းညွှန်တစ်ခုလည်း ပါဝင်ပြီး ဆယ်ကျော်သက်များအတွက် အထောက်အကူဖြစ်စေရန် ဒီဇိုင်းထုတ်ထားကြောင်း၊ လူငယ်များ၏ တီထွင်ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ပေးနိုင်ပြီး ဝါသနာပါသည့် ကိစ္စရပ်များကို စူးစမ်းလေ့လာရန် အားပေး နိုင်ကြောင်း၊ ကျောင်းဘာသာရပ်များကို နားလည်ခြင်းမှစ၍ တက္ကသိုလ်အတွက် ပြင်ဆင်ခြင်းကဲ့သို့သော ကိစ္စများအထိ Gemini AI က ဆယ်ကျော်သက်များအား ကူညီပေးနိုင်မည်ဖြစ်ကြောင်း အပ်ဒိတ်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် Gemini AI ကို အသုံး ပြုခြင်းဖြင့် အချက်အလက်များ ရှာဖွေနိုင်ခြင်း၊ ရေးသားလိုသော အကြောင်းအရာ များကို စာရေးခိုင်းနိုင်ခြင်း၊ အလွန်ရှည်သောစာများကို အစအဆုံးဖတ်ရန်မလိုဘဲ အကျဉ်းချုပ် အချက်အလက် ထုတ်ခိုင်းခြင်း၊ စာစီစာကုံးများနှင့် ကုန်ပစ္စည်းများအတွက် အွန်လိုင်းကြော်ငြာများ ရေးခိုင်းနိုင်ခြင်းနှင့် အကြံဉာဏ်ရယူနိုင်ခြင်း စသည်တို့ အပါအဝင် လုပ်ဆောင်ချက်များစွာကို AI အကူအညီဖြင့် အလွယ်တကူလုပ်ဆောင်နိုင်သည်။ မေးလိုက်သော မေးခွန်းများအတွက် အဖြေများကို စာဖြင့်သာမက မြန်မာစကားသံဖြင့်လည်း ဖတ်ပြခိုင်းနိုင်သည်။ သို့သော် အသံစနစ်တွင်မူ အဖြတ်အတောက် လေယူလေသိမ်း မှန်ကန်ခြင်းမရှိသေးပေ။
Google Home နှင့် ချိတ်ဆက်ထား
ဂူဂဲလ်အနေဖြင့် Gemini AI ကို ၎င်း၏ Google Home ခေါ် နည်းပညာရပ်ဝန်းနှင့်လည်း ချိတ်ဆက်ထားသည်။ Google Home ဆိုသည်မှာ အိမ်သုံးပစ္စည်းများကို အင်တာနက်နည်းပညာဖြင့် အဝေးမှခိုင်းစေနိုင်သည့် စနစ်ဖြစ်ပြီး မြန်မာနိုင်ငံမှ အသုံးပြုသူများ အနေဖြင့် Google Home စနစ်နှင့် အကျွမ်း တဝင်မရှိသည့်တိုင် အန်းဒရွိုက်ဖုန်းများတွင် ပါဝင်သော Google Assistant ကိုမူ အသုံးပြု သူ များပြားသည်။ Gemini AI အက်ပလီ ကေးရှင်းကို ဖုန်းတွင်ထည့်သွင်းပြီးပါက Google Assistant နေရာတွင်ပါ အစားထိုး၍ သုံးနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် လုပ်ဆောင်ချက်များကို ထပ်မံအဆင့်မြှင့်ပေးသွားမည်ဟုလည်း သိရသည်။
နည်းပညာကုမ္ပဏီကြီးဖြစ်သော ဂူဂဲလ် သည် AI နယ်ပယ်သို့ ၂၀၂၃ မတ်လက စတင်ဝင်ရောက်လာခဲ့ပြီး ထိုအချိန်က စတင်မိတ်ဆက်ခဲ့သော AI အမည်မှာ BARD ဖြစ်သည်။ မြန်မာနိုင်ငံမှ ဂူဂဲလ်အသုံးပြုသူများသည် ထိုအချိန်မှစ၍ BARD AI ကို စမ်းသုံးနိုင်ခဲ့သော်လည်း အင်္ဂလိပ်ဘာသာဖြင့်သာ အသုံးပြုခဲ့ရသည်။ ထို့နောက် BARD AI ကို ယခုနှစ် ဖေဖော်ဝါရီလအတွင်း Gemini ဟု အမည်ပြောင်းပြီးနောက် ယင်းနာမည်ဖြင့်ပင် အပ်ဒိတ်များ ဆက်တိုက်ပြုလုပ်ပေးလာခဲ့ရာ ယခု ဩဂုတ် ၁ ရက် အပ်ဒိတ်တွင်မူ မြန်မာဘာသာကို ရာနှုန်းပြည့်နီးပါး နားလည်၍ မြန်မာလို ပြန်လည်ဖြေကြားပေးနိုင်သည့် အဆင့်အထိ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
သတင်းဆောင်းပါး - ကိုစိုး