ရန်ကုန် အောက်တိုဘာ ၁၈ 

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုမ္ပဏီ ၃၀ ကျော်မှ ဆန်တင်ပို့လျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည့်ပပို့ကုန်ဆန် အရည်အသွေးကို စစ်ဆေးကြပ်မတ်မှုဖြင့် မြန်မာ့ဆန်အရည်အသွေးကို ထိန်းချုပ်နိုင်မှုကြောင့် ယခုနှစ်ပြည်ပသို့ ဆန်တင်ပို့မှုတွင် စိုက်ပျိုးတောင်သူ၊ စက်ပိုင်၊ ကုန်သည်နှင့် ကုမ္ပဏီများ အဆင်ပြေသော နှစ်တစ်နှစ်အဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။

ယခင်က ကုမ္ပဏီများစုပေါင်း၍ ပြည်ပသို့ ဆန်တင်ပို့ရာ၌ အရည်အသွေးလျော့သော ဆန်များရောနှောပါဝင်တတ်မှုကြောင့် အရည်အသွေးကောင်းတင်ပို့သောကုမ္ပဏီများ နစ်နာမှုများစွာ ကြုံတွေ့ခဲ့ရပြီး ယခုအခါ သက်ဆိုင်ရာဝန်ကြီးဌာနမှ ကြပ်မတ်ဆောင်ရွက် မှုဖြင့် တင်ပို့သောဆန်အိတ်အတွင်း ကုမ္ပဏီအမှတ်တံဆိပ်ကို ထည့်သွင်းထားခြင်း၊ ဆန် အရည်အသွေးအထူးဂရုပြုစစ်ဆေးခြင်းနှင့် ထွက်ရှိသောဆန်များမှာ ကြိတ်ခွဲရန် ကောင်းမွန်သော တန်းမြင့်ဆန်များဖြစ်ခြင်းတို့ကြောင့် ဘင်္ဂလားဒေ့ရှ်အပါအဝင် ပြည်ပပို့ကုန် ဆန်များအရည်အသွေး ကောင်းမွန်သည့်အတွက် ဆန်တင်ပို့မှုတွင် ပို့ကုန်ကဏ္ဍ မြင့်တက်လာခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့/အနောက်)၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် မိုးစပါးများထွက်ရှိပြီဖြစ်ရာ သက်ရင့်မျိုးဖြစ်သော ရတနာတိုးနှင့်မနောသုခ ပြည်တွင်းဈေးကွက်အတွင်း အဝင်များ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဘုရင့်နောင်ဆန်စပါးကုန် စည်ဒိုင်သို့ ဆင်းသုခနှင့်ရတနာတိုး တစ်ရက်လျင် ဆန်အိတ်တစ်သိန်းခန့် ဝင်ရောက်လျက်ရှိပြီး နယ်စုံမှ ထွက်ပေါ်လာသော မိုးစပါးတို့တွင် အချို့မှာ တစ်ဧကတင်းရာကျော် ထွက်နှုန်းကောင်းခဲ့ပြီး အချို့မှာမိုးကြောင့် ထွက်နှုန်းလျော့မှုများရှိခဲ့သော်လည်း ပျမ်းမျှအားဖြင့် တစ်ဧကလျင် တင်း(၇၀/၈၀) ထက် မလျော့ကြောင်းသိရပြီး သက်ရင့်စပါးဖြစ်သော မနောသုခနှင့် ရတနာတိုးစပါးကို အောင်မြင်စွာ ရိတ်သိမ်းနိုင်ခဲ့ကာ ဥပရောပဈေးကွင်ဝင် ကရင်မဆန်များ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ အောက်တိုဘာလကုန်ပိုင်းတွင် လှိုင်လှိုင်ဝင် ရောက် လာမည်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော ဆန်စပါးသုံးပုံနှစ်ပုံမှာ ရန်ကုန်မြို့ ကုန်စည်ဒိုင်များထက် ပုသိမ်ကုန်စည်ဒိုင်သို့တင်ပို့လျက်ရှိရာ ပြည်ပတင်ပို့ခွင့်ရရှိထားသော ကုမ္ပဏီများအနေဖြင့် ပုသိမ်မြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တစ်ပိုင်တစ်နိုင် တိုက်ရိုက်တင်ပို့လျက်ရှိသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆန်အဝယ်လိုက်မှုကြောင့် ဝယ်ယူသောဆန်အမျိုးအစားများ ပြည်တွင်းဈေးကွက်၌ အရောင်းအဝယ်ကောင်းလျက်ရှိပြီး ဝယ်ယူသွားသောဆန်အတွက် တစ်ပတ်၊ ၁၀ ရက်ငွေစောင့်ဆိုင်းရမှုမရှိဘဲ ငွေလက်ငင်းစနစ်ဖြင့်ဝယ်ယူရောင်းချနိုင်ခြင်း၊ ဆန်စပါးရောင်းဝယ်မှုတွင် ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းခြင်း တို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ ခွင့်ရရှိထားသော ကုမ္ပဏီ ၃၀ ကျော်မှာ ဈေးကွက်ခိုင်မာမှုကို ရရှိလျက်ရှိသည်။

“ဒီနှစ် ဆန်တင်ပို့ရောင်းချရာမှာ ငွေလက်ငင်း ဈေးကွက်ပုံစံနဲ့ ရောင်းချရတာဖြစ်တဲ့အတွက် အားလုံးအဆင်ပြေကြတယ်။ ပြီးတော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း ပို့ကုန်ဆန်အရည်အသွေးကို ကြပ်မတ်စစ်ဆေးတယ်။ ပို့ကုန် ဆန်အိတ်တွေမှာ ကုမ္ပဏီအမှတ်အသားကိုထည့်ပေး ထားတာကြောင့် တင်ပို့တဲ့နိုင်ငံမှာ တစ်ခုခုဖြစ်ရင် ဘယ်ကုမ္ပဏီဆိုတာ သိနိုင်အောင် ဝန်ကြီးဌာနကဆောင် ရွက်ထားတဲ့အတွက် အရည်အသွေးကို ထိန်းချုပ်ပြီးသား ဖြစ်စေပါတယ်။ မိုးစပါးအထွက်နှုန်းကောင်းပြီး ကြိတ်ခွဲလို့ရတဲ့ တန်းမြင့်ဆန်တွေကို ပြည်ပကို တင်ပို့ခွင့်ရရှိတဲ့အတွက် ဒီနှစ်ဟာတောင်သူကစပြီး ပို့ကုန်တင်ပို့တဲ့ ကုမ္ပဏီတွေအားလုံး အဆင်အပြေဆုံး နှစ်တစ်နှစ်လို့ဆိုရမှာပါ” ဟု ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးသန်းဦး က ပြောသည်။

ပြည်တွင်းစပါးဈေး အစိုတင်းတစ်ရာလျင် ငွေကျပ် ၁၀ သိန်း၊ အခြောက်တင်း တစ်ရာ လျင် ငွေကျပ် ၁၂ သိန်း ရရှိသောကြောင့် စိုက်ပျိုးတောင်သူများအဆင်ပြေခဲ့ပြီး ပြည်တွင်း ဆန်စပါးဝယ်ယူခြင်းနှင့် ပြည်ပပို့ကုန်တွင်လည်း အကျိုးအမြတ်ရရှိလျက်ရှိကာ ငွေကြေး ကဏ္ဍတွင် ပို့ကုန်ပစ္စည်းများ သင်္ဘောတင်ပြီးပါက ထုတ်ယူနိုင်ရန် ဘဏ်များနှင့် ချိတ် ဆက်၍ စီမံဆောင်ရွက်ထားမှုကြောင့် ယမန်နှစ်ကဲ့သို့ ငွေကြေးအခက်အခဲများ မရှိသည့် အတွက် Exporter များအနေဖြင့် ဆန်နှင့်ဆန်ကွဲကို တရုတ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဥရောပနိုင်ငံအချို့သို့ တင်ပို့ရာ၌ အဆင်ပြေလျက်ရှိသည်။ 

ဓာတ်ပုံ-ကနူး 
ညိမ်းသူ (သတင်းစဉ်)