ပဲခူး အောက်တိုဘာ ၂

 

မြန်မာနိုင်ငံမှ စင်္ကာပူနိုင်ငံနှင့် ကိုရီးယားနိုင်ငံသို ပို့ကုန်အဖြစ် လျှပ်စစ်မီးတိုင် အောက်ခံခုံများ၊ သံကျွတ်မြောင်းဖုံး အမျိုးမျိုး၊ ပို့ကုန်ခဲသီးအစားထိုး သံကျွတ်ခဲသီးများကို နေ့စဉ်လုပ်သားဦးရေ (၈၀) ဖြင့် တစ်ရက်လျှင် ကုန်ချောထုတ်ကုန် (၈) တန်ခန့် ထုတ်လုပ်တင်ပို့လျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အနောက်ပိုင်းရပ်ကွက်၊ အမှတ် (၂၉) ရှိ ဦးအေးဝင်း၏ သံရည်ကျို ပုံလောင်း လုပ်ငန်းသို့ သွားရောက်ကြည့်ရှု အားပေးစဉ် ထိုသို့သိရခြင်းဖြစ်သည်။

 

ထို့သို့ကြည့်ရှုအားပေးစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ တိုင်းဒေသကြီး အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို မြှင့်တင်ပေးရန် လာရောက်ရခြင်းဖြစ်ပြီး ကုန်ကြမ်းရရှိမှုပေါ်မူတည် လုပ်ကိုင်နေရသည်ကိုသိရှိရ၍ ကုန်ကြမ်းများ ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူစွာရရှိနိုင်ရေး၊ အချို့ကုန်ချောများသည် စင်္ကာပူနိုင်ငံနှင့် ကိုရီးယားနိုင်ငံများသို့ လစဉ်တင်ပို့ပေးနေရသော်လည်း တစ်ဆင့်ခံဖြစ်နေသဖြင့် ထိုက်သင့်သည့်ဈေးနှုန်းမရရှိ၍ တိုက်ရိုက်ချိတ်ဆက်ပြီး ခိုင်မာသည့် ပြည်ပဈေးကွက်ရရှိစေရေး၊ လုပ်ငန်းတိုးချဲ့နိုင်ရန် မြေနေရာရရှိရေးနှင့် လုပ်ငန်းချိန်အတွင်း လျှပ်စစ်မီး အပြည့်အဝရရှိရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

အဆိုပါသံရည်ကျိုလုပ်ငန်းသည် ၂၀၁၃ ခုနှစ်တွင် နိုင်ငံတော်အဆင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်ဆုနှင့် ၂၀၁၈ ခုနှစ်တွင် ဒေသဆိုင်ရာထုတ်ကုန် အမျိုးအစားတွင် ဒုတိယဆု ရရှိထားပြီး လက်ရှိတွင် မီးဖိုချောင်သုံးပစ္စည်များ၊ မီးဖိုသံဇကာများ၊ လျှပ်စစ်သံဂွေများ၊ ငရုတ်ဆုံများ၊ စက်သီးဘီးများ၊ ချိန်ခွင်အလေးများ၊ သံကျွတ်ဒယ်အိုးများ၊ သံကျွတ်သံပန်းပုံစံအမျိုး (၁၀၀)ကျော်၊ ဆားဗစ်ကန်အဖုံးများ၊ လေဂေါက်များ၊ သဲစုပ်ပန့်၊ ကျောက်စုပ်ပန့်၊ ရွှေစုပ်ပန့်အမျိုးမျိုး၊ သံကျင်တွယ်အမျိုးမျိုး၊ သံနန်းစွဲခြင်း၊ သံတံခါးသုံး ဖလပ်ပြားအမျိုးမျိုး၊ ဓါးသံ၊ တံစဉ်ကြိတ်ပြားများ၊ ရိတ်သိမ်းချွေလှေ့ စက်သွားများ၊ အပ်ချုပ်စက်ခြေထောက်များ၊ တရုတ်သွင်းကုန်အစားထိုး မီးသတ်ပိုက်ခေါင်း အထိုင်များများကို ပြည်တွင်းအသုံးပြုရန်သာမက ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်လျှက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်