ချောင်းဦး ၂၈ နို၀င်ဘာ

 

မြန်မာနိုင်ငံ မျိုးစေ့ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် ချောင်းဦးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စပါးမျိုးယှဉ်ပြိုင် သရုပ်ပြစိုက်ကွင်း ကွင်းသရုပ်ပြပွဲကို ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ၊ ကွင်းအမှတ် (၁၉၆၀)တွင် နို၀င်ဘာ ၂၈ ရက်၊ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

ကွင်းသရုပ်ပြပွဲတွင် ချောင်းဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦး၀င်းမြင့်ခင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက မျိုးကောင်းမျိုးသန့် ထုတ်လုပ်ရခြင်း ရည်ရွယ်ချက်နှင့် အကြံပြုချက်များ ဆွေးနွေးပြောကြားသည်။

 

ဆက်လက်ပြီး မြန်မာနိုင်ငံမျိုးစေ့ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်သူဇာခင်က စီမံကိန်းလုပ်ငန်းများဖြစ်သည့် တောင်သူများ မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေး၊ ဒေသတွင်း မျိုးကောင်းမျိုးသန့်များ အလွယ်တကူ ၀ယ်ယူရရှိနိုင်ရေး၊ စပါးမျိုးသစ်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး စသည်တို့ကို ရှင်းလင်းပြီး ရွှေသုခမျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ရေးအဖွဲ့မှ မျိုးစေ့ထုတ်တောင်သူ ဦးစိုးဦးမှ မျိုးယှဉ်ပြိုင်သရုပ်ပြကွက်အကြောင်း၊ မျိုးသန့်ထုတ်လုပ်ရခြင်း အကျိုးကျေးဇူးများကို  ဆွေးနွေးသည်။ ထို့နောက် ရွှေသုခမျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ရေးအဖွဲ့ကိုယ်စား အဖွဲ့ဥက္ကဋ္ဌ ဦး၀င်းနိုင်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

 

မျိုးယှဉ်ပြိုင်သရုပ်ပြစိုက်ခင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာသည့် တောင်သူတစ်ဦးချင်းဆီမှ ဒေသနှင့် ကိုက်ညီသော မျိုးများဖြစ်သည့် ရတနာတိုး၊ ဆင်းရွှေရင်(၁)၊ ဆင်းသုခမျိုးများအနက်  နှစ်သက်ရာစပါးမျိုးများကို ရွေးချယ်မဲပေးခဲ့ကြပြီး မဲအရေအတွက် အများဆုံးနှင့် အလားအလာကောင်းသော ဆင်းသုခစပါးမျိုးအား ခန့်မှန်း၍ စိုက်ပျိုးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။၊

 

ယမင်း (ရွှေဦးမြေ)