ရန်ကုန် ၉ ဇွန်
စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးသည် နိုင်ငံစီးပွားတည်ငြိမ်ရေးကို များစွာအထောက်အကူ ဖြစ်စေသည့်အတွက် ပြည်တွင်းဈေးကွက်အတွင်း အရည်အသွေးပြည့်မီသော စက်သုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဖြန့်ဖြူးနိုင်ရန် PTT Oil and Retail Business Public Company Limited နှင့် ကမ္ဘောဇအုပ်စုဝင် ကုမ္ပဏီဖြစ်သည့် Brighter Energy Company Limited နှင့် Brighter Energy Retail Company Limited တို့မှ မြန်မာနိုင်ငံအတွင်း ဆီသိုလှောင်ကန်နှင့် စက်သုံးဆီလက်လီဆိုင်များ အကျိုးတူပူးပေါင်းဆောင်ရွက်မှု အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ Lotte Hotel ရှိ Crystal Ballroom ခန်းမ၌ ကျင်းပသည်။
အဆိုပါ စက်သုံးဆီသိုလှောင်ကန်နှင့် LPG သိုလှောင်ကန်တို့အတွက် အမေရိကန်ဒေါ်လာ ၁၈၅ သန်း၊ စက်သုံးဆီဆိုင်များ တည်ဆောက်မှုအတွက် အမေရိကန်ဒေါ်လာ ၂၆ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး ဆီသိုလှောင်ကန်များကို ၂၀၂၁ တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်ပြီး ဆီအရောင်းဆိုင်များကို ၅ နှစ်အတွင်း ဆိုင်ပေါင်း ၇၀ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
သို့ပါ၍ အဆိုပါကုမ္ပဏီများမှ စက်သုံးဆီကဏ္ဍနှင့်ပတ်သက်ပြီး ဆောင်ရွက်မည့် လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး
မြန်မာနိုင်ငံသား ကမ္ဘောဇဂရု(ပ်)နဲ့ ထိုင်းနိုင်ငံ PTT တို့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် လက်မှတ်ရေးထိုး ကြတာပါ။ တိုင်းပြည်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းထဲမှာ မှတ်တိုင်တစ်ခုလို့ ပြောချင်ပါတယ်၊ တိုင်းပြည်ရဲ့ စက်သုံးဆီ ဖူလုံမှု၊ ဈေးနှုန်းတည်ငြိမ်မှုအတွက်လည်း အများကြီး အထောက်အကူဖြစ်မယ်လို့ ကျွန်တော်တို့ သုံးသပ်ရပါတယ်။ အဓိကကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ စက်သုံးဆီကဏ္ဍ အလွန်အရေးကြီးပါတယ်။ စက်သုံးဆီကဏ္ဍက အားလုံးနဲ့ ဆက်စပ်တာဖြစ်တဲ့အတွက်ကြောင့် စက်သုံးဆီကဏ္ဍမှာ လာရောက်ရင်းနှီးမြှုပ်နှံမှုများများ ဝင်လာတာသည် တိုင်းပြည်ဖွံဖြိုးတိုးတက်မှုအတွက် အများကြီးအထောက်အကူ ဖြစ်မယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံသား ကုမ္ပဏီနဲ့ ပေါင်းလုပ်တဲ့အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်လို့ သုံးသပ်မိပါတယ်။

ကမ္ဘောဇအုပ်စု၏ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်
ကျွန်တော်တို့ ကမ္ဘောဇဂရု(ပ်)က လုပ်ငန်းအစုံလုပ်ပါတယ်။ တိုင်းပြည်အတွက် အကျိုးရှိမယ့် လုပ်ငန်းတွေ ရွေးချယ်လုပ်ကိုင်ခဲ့ပါတယ်။ အရင်တုန်းက ကမ္ဘောဇအုပ်စုပိုင် နီလာရိုးမ စက်သုံးဆီဆိုင်တွေကို နိုင်ငံအနှံ့အပြားမှာ ဖွင့်လှစ်ခဲ့ပါတယ်။ လက်လီရောင်းချတဲ့ဆိုင်တွေပါ၊ အခုအခါမှာ စက်သုံးဆီကဏ္ဍဟာ နိုင်ငံတော်စီးပွား တိုးတက်ဖွံ့ဖြိုးရေးနဲ့ အများပြည်သူ သက်သာချောင်ချိရေးအတွက် အရေးပါတဲ့အတွက် နိုင်ငံတော်ကလည်း အားပေးတယ်၊ ဒီအတွက် လက်လီကနေ လက်ကားအဆင့် တိုးမြှင့်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့အညီ ဝန်ဆောင်မှုအပြည့်အဝပေးနိုင်ဖို့ Brighter Energy ကုမ္ပဏီကို တည်ထောင်ပြီးတော့ နိုင်ငံတော်ရဲ့ မူဝါဒနဲ့အညီ ကမ္ဘာ့အဆင့်မီ PTT အဖွဲ့အစည်းနဲ့ ချိတ်ဆက်ဖွဲ့စည်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်အတွက် အရေးကြီးတဲ့ ဆီကဏ္ဍမှာ လက်ကား၊ လက်လီကို ပြည်သူတွေလိုအပ်ချက်နဲ့အညီ အကောင်းဆုံးဖြန့်ဖြူးပေးနိုင်ဖို့ ရည်ရွယ်ပြီးတော့မှ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။
အဓိက ရည်ရွယ်ချက်ကတော့ စက်သုံးဆီတွေကို အမျိုးအစားမှန်ရမယ်၊ အရေအတွက်မှန်ရမယ်၊ ပြည်သူတွေအတွက် ဈေးနှုန်းလည်း သက်သာရမယ်၊ အဲ့လို ရည်ရွယ်ချက်တွေရှိတဲ့ အတွက်ကြောင့် ဒီကဏ္ဍမှာ ကျွန်တော်တို့က လက်လီနဲ့ ဖြန့်ဖြူးနေလို့ မရဘူးပေါ့၊ လက်ကားဖြန့်ဖို့ဆိုရင် ကျွန်တော်တို့က ဆီသိုလှောင်ကန်ဆောက်ဖို့ လိုပါတယ်။ ဒီအတွက် သီလဝါဘက်မှာ ဆောင်ရွက်နေပါတယ်။ လက်လီ ဖြန့်ဖို့ဆိုရင် ဆိုင်တွေ တည်ဆောက်ရပါမယ်၊ ဒီနှစ်အတွင်းမှာ အကောင်းဆုံးဝန်ဆောင်မှုတွေပါဝင်တဲ့ ဆီဆိုင် ၁၀ ဆိုင် စဖွင့်မှာပါ။ နှစ်အနည်းငယ်အတွင်းမှာ ဆိုင် ၇၀ အထိ မှန်းထားပါတယ်။ ဆက်ပြီးတော့ တိုင်းနဲ့ ပြည်နယ်တွေမှာ တိုးချဲ့သွားမှာဖြစ်ပါတယ်၊ ဒီလိုဆောင်ရွက်နိုင်ဖို့ အထောက်အကူပေးတဲ့ နိုင်ငံတော် အစိုးရရော၊ ရန်ကုန်တိုင်း အစိုးရရော၊ သက်ဆိုင်ရာ ဌာနအသီးသီးရဲ့ ခွင့်ပြုချက်ရရှိတဲ့တွက် အထူးပဲကျေးဇူးတင်ပါတယ်။

PTTOR ဥက္ကဋ္ဌ Mr. Auttapol Rerkpiboon
မြန်မာနိုင်ငံရဲ့ စက်သုံးဆီ လိုအပ်မှု က တစ်နေ့တစ်နေ့ ၁၇ ရာခိုင်နှုန်း ထိရှိတယ်ဆိုတာ ကျွန်တော်တို့ တွေ့ရပါတယ်၊ အဲ့ဒါက ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ ဝယ်လိုအား တစ်ခုပဲဖြစ်ပါတယ်။ ဒီရှိပြီးသား ဝယ်လိုအားတွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် မြန်မာနိုင်ငံကို လာရောက်ခြင်းဖြစ်ပါတယ်။ စက်သုံးဆီတွေကို လက်လီ လက်ကားဖြန့်ချိတဲ့နေရာမှာ ပြည်တွင်းက စီးပွားဖက် KBZ Group နဲ့ ပူးပေါင်းပြီးတော့ ကောင်းမွန်စွာနဲ့ စိန်ခေါ်ချက်တွေကို ကျော်လွှားနိုင်ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေကို ရယူဖော်ဆောင်နိုင်မယ်၊ မြန်မာပြည်သူပြည်သားတွေ ကြွယ်ဝတိုးတက်မှုတွေကိုလည်း ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံတွေနဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေ ဖြန့်ချိတဲ့အခါမှာ ရှိပြီးသား နည်းစနစ်တွေကို အသုံးပြပြီးတော့ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အာမခံတဲ့ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကို အချိန်အတွယ် မှန်ကန်စွာနဲ့ ရောင်းချသွား မှာဖြစ်ပါတယ်။ ဒီအတွက် မြန်မာပြည်သူပြည်သားတွေ အနေနဲ့ ကောင်းမွန်တဲ့ အရည်အသွေးမြင့်တဲ့ စက်သုံးဆီတွေကို သုံးစွဲနိုင်မယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော်တို့ဖွင့်မယ့်ဆိုင်တွေက ဓာတ်ဆီရောင်းတဲ့ဆိုင် သီးသန့်တော့မဟုတ်ပါဘူး၊ ကျွန်တော်တို့ ဆိုင်ကို လာတဲ့အခါမှာ one stop service ရမှာဖြစ်ပါတယ်။ ဆိုလိုချင်တာက ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေ၊ အသေးစားတွေကိုလည်း ကျွန်တော်တို့ရဲ့ ဓာတ်ငွေ့အရောင်းဆိုင်တွေမှာ ဖွင့်လှစ်ပေးထားမှာဖြစ်ပါတယ်။ သန့်ရှင်းလှပတဲ့ လူအများ နားနေနိုင်တဲ့ နေရာတွေ၊ သန့်စင်ခန်းတွေလည်း ရှိမှာဖြစ်ပါတယ်။ အခြားသော ဝန်ဆောင်မှုတွေကိုလည်း ပေးထားမှာဖြစ်ပါတယ်။ အခြားသော ဓာတ်ဆီဆိုင်တွေနဲ့ မတူပါဘူး ဒီစီးပွားရေး စီမံကိန်းကနေ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူပြည်သားတွေကို အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့ရှိပါတယ်။ ဆိုင်တွေဖွင့်လှစ်မယ်ဆိုရင် အလုပ်အကိုင်ပေါင်း နှစ်ထောင်ကျော် မြန်မာနိုင်ငံသားတွေကို ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် အသေးစားအလတ်စား စီးပွားရေး လုပ်ငန်းတွေနဲ့ ပူးတွဲပြီးတော့ စီးပွားရေးကို တိုးတက်အောင် ဆောင်ရွက်သွားဖို့ရှိပါတယ်။
တွေ့ဆုံမေးမြန်း-သီသီမင်း/ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)