သီဟစည်သူ

မြန်မာနိုင်ငံတွင် နိုင်ငံအများစု စိတ်ကူးမယဉ်နိုင်လောက်သည့် ဇီဝမျိုးစုံမျိုးကွဲများကို ပိုင်ဆိုင်ထားလျက်ရှိရာ အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (FFI)နှင့် မိတ်ဖက်အဖွဲ့အစည်းများက ဆယ်နှစ်တာ ကာလအတွင်း တောရိုင်းတိရစ္ဆာန်နှင့် အပင်မျိုးစိတ် ၁၀၀ ကျော်ကို လေ့လာမှတ်တမ်းတင်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံသည် သန္တာကျောက်တန်းများ၊ ဒီရေတောများနှင့် ပင်လယ်မြက်ခင်းများ အပါအဝင် ရှည်လျားသော ကမ်းရိုးတန်းတည်ရှိပြီး အဏ္ဏဝါဂေဟစနစ်အချို့၏ တည်မှီရာလည်း ဖြစ်သည်။ မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသ အရင်းအမြစ်များအဖြစ် ပင်လယ်ငါးမျိုးစိတ် ၈၀၀ ကျော်၊ ပင်လယ်မြက် မျိုးစိတ်ကိုးမျိုးနှင့် သန္တာကျောက် ၅၁ မျိုးခန့် တွေ့ရှိနိုင်ကြောင်း တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (FFI) မှ သိရသည်။

မြန်မာနိုင်ငံရှိသစ်တောများသည် အရှေ့တောင်အာရှဒေသတွင်းရှိ အံ့မခန်းတောရိုင်းတိရစ္ဆာန် မျိုးစိတ်များ၏ မှီခိုပျော်မွေ့ရာနေရာများအဖြစ် ရပ်တည်လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံအတွင်းရှိ ပြည်သူများအနေဖြင့် ထိုသို့သော သဘာဝအရင်းအမြစ်များ အပေါ်တွင် များစွာမှီခိုရလျက်ရှိရာ ထိုသဘာဝအမွေအနှစ် များစွာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရာတွင် ပူးပေါင်းပါဝင်ကြရန်အတွက်လည်း တာဝန်ရှိကြသည်။

မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများသည် အရှေ့တောင်အာရှ ဒေသအတွင်း ပုန်းကွယ်နေသည့် အကောင်းဆုံး လျှို့ဝှက်ဆန်းကြယ်မှုများအဖြစ် သက်သေပြနိုင်ခဲ့ပြီဖြစ်သည်။ ဆယ်စုနှစ်အတွင်း အကြီးမားဆုံး သိပ္ပံလောကအတွက် အသစ်တွေ့ရှိမှုမှာ မျောက်ဝံမျိုးစိတ်သစ်များ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌သာ တွေ့ရသည့် ဒေသရင်း မျိုးစိတ်ဖြစ်သည့် မြန်မာနှာလန် မျောက်ဟုခေါ်ဆိုသည့် မျောက်မျိုးစိတ်ကို ပြီးခဲ့သည့် ဆယ်နှစ်အတွင်း ပထမဆုံး တွေ့ရှိခဲ့ကြောင်း၊ အလားတူ မြန်မာ့မျိုးရင်း မျောက်မျိုးစိတ်ဖြစ်သည့် ပုပ္ပားမျောက်မြီးရှည်ကဲ့သို့သော မျောက်မျိုးစိတ်သစ်များကိုလည်း တွေ့ရှိခဲ့ သည်။ ထို့အတူ ယင်းတို့ကဲ့သို့ ဂူအောင်းနေထိုင်သည့် အမြီးမွေး ရှည်လျားသည့် အခြားသော မျောက်ဝံမျိုးစိတ်သစ် သုံးမျိုးကိုလည်း တွေ့ရှိရကြောင်း တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်အဖွဲ့ (FFI) က ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ကဏန်းမျိုးစိတ်သစ်၊ ရေချိုဂုံးမျိုးစိတ်သစ်နှင့် အခြားသော ခရုမျိုးစိတ် ၁၇ မျိုး၊ ထုံးကျောက်လိုဏ်ဂူများတွင် နေထိုင်သည့် တောက်တဲ့ မျိုးစိတ်သစ်များ၊ မလိခငါးသလဲထိုး(Malihkaia aligara)၊ အင်းတော်ကြီး ငါးသလဲထိုး (Schistura indawgyiana)၊ မိကျောင်းသွား ကြားထိုးတံငါး(Microphis dunckeri)၊ ချင်းတွင်းရေချိုငါးလိပ်ကျောက် (Makararaja chindwinensis) တို့ အပါအဝင် ငါးမျိုးစိတ်သစ် ၁၀ မျိုး၊ ပုစွန်ဆိတ်မျိုးစိတ်သစ်များနှင့် ရွာငံဒေသရှိ မိကျောင်းပုတ်သင်မျိုး စိတ်သစ်တို့ကဲ့သို့သော မျိုးစိတ်သစ်များ အပါအဝင် ဆယ်နှစ်တာအတွင်း မျိုးစိတ်သစ် ၁၀၀ ကျော်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တောရိုင်းတိရစ္ဆာန် နှင့် သဘာဝ အပင်အဖွဲ့(FFI)က ထုတ်ပြန်သည်။

 

mdn

 

မြန်မာနိုင်ငံရှိ အကြီးဆုံးရေချို အရင်းအမြစ်များတွင် မှီခိုနေထိုင်ကြသည့် ရေချိုဂုံးမျိုးစိတ်များမှအစ ထုံးကျောက်လိုဏ်ဂူများတွင် ခိုလှုံကြသည့် တောက်တဲ့မျိုးစိတ်များအဆုံး ဤသို့တွေ့ရှိခဲ့သည့် မျိုးစိတ်သစ်များအားလုံးသည် သစ်မှောင်ခိုထုတ်ခြင်း၊ သစ်တောမြေများအတွင်း စိုက်ပျိုးမြေများချဲ့ထွင်ခြင်း၊ ကျောက်မိုင်းခွဲခြင်းနှင့် အခြေခံအဆောက်အအုံများ တိုးတက်လာခြင်းတို့ကြောင့် ၎င်းတို့၏ နေရင်းဒေသများ ပျက်စီးလာသည့် အန္တရာယ်ခြိမ်းခြောက်မှုများကြောင့် အရေအတွက်နည်းနည်းသာ ကျန်ရှိတော့သဖြင့် မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ကိုလည်း ရင်ဆိုင်နေကြရသည်။

သို့သော်လည်း သတင်းကောင်းတစ်ခုအနေဖြင့် မြန်မာနှာလန်မျောက်ကဲ့သို့သော မျိုးစိတ်များအတွက် ကာကွယ်ထိန်းသိမ်းရေး ဧရိယာများ သတ်မှတ်ထိန်းသိမ်းခြင်းများ ဆောင်ရွက်နေသကဲ့သို့ အခြားသော မျိုးစိတ်များ ကာကွယ်ထိန်းသိမ်းနိုင်ရေးကိုလည်း ကြိုးစားဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ သစ်တောဦးစီးဌာနနှင့် တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝအပင်အဖွဲ့ (FFI) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံကုန်းမြေနှင့် အဏ္ဏဝါ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနှင့် သစ်တောလုပ်ငန်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း(၂၀၁၇-၂၀၂၂) ကို လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုးကား - https://www.fauna-flora.org/news/tale-of-the-century-one-hundred-new-species-for-myanmar/