မန္တလေး ၁၃ ဖေဖော်ဝါရီ
မြန်မာနိုင်ငံတွင် တတိယအကြီးဆုံးဖြစ်လာမည့် ကြေးပိဿာချိန် ၁၆၀ဝ၀ ကျော်ရှိ ခေါင်းလောင်းကြီးကို မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် တံတိုင်းရှည်ရွာ ရွှေခေါင်းလောင်းခြံဝင်းအတွင်း၌ ဇန်နဝါရီ ၉ ရက် (ပြာသိုလပြည့်နေ့)က တမ္ပဝတီမှ ကြေးသွန်းပညာရှင်များနှင့် စတင်သွန်းလောင်းခဲ့ရာ ယခုအခါ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး ဖြစ်ကြောင်း အဆိုပါခေါင်းလောင်းအား သွန်းလောင်းဆောင်ရွက်နေသော ရွှေခေါင်းလောင်း ကြေးသွန်းပညာရှင် ကိုအောင်သန်းမော်ထံမှ သိရသည်။
အဆိုပါ ခေါင်းလောင်းကြီးကို စစ်ကိုင်းမြို့ သီရိသုမနချောင် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာဆရာတော် ဦးသုမနမှ မှာယူ လှူဒါန်းပြုလုပ်ခြင်းဖြစ်ပြီး ခေါင်းလောင်းကြီးအား ပြာသိုလပြည့်နေ့တွင် စတင်သွန်းလောင်းခဲ့ကြောင်း ယခုအခါ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ခေါင်းလောင်းကြီးကို မတ်လ ၁၁ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ သိရီသုမနချောင် မိုးကုတ် ဝိပဿနာ ဓမ္မရိပ်သာသို့ ပို့ဆောင်ချိတ်ဆွဲကာ အသံမြည်အောင် စမ်းသပ်ပေးသွားမည် ဖြစ်ကြောင်း၊ ချိတ်ဆွဲပြီး ကျန်ရှိနေတဲ့ အပိုင်းများကို စစ်ကိုင်းမြို့မှာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရွှေခေါင်းလောင်း ကြေးသွန်း ပညာရှင် ကိုအောင်သန်းမော် ကပြောကြားသည်။
လက်ရှိတွင် အဆင့်သုံးဆင့်လောက်သာကျန်တော့ကြောင်း၊ ပို့ဆောင်ချိတ်ဆွဲရန်၊ ခေါင်းလောင်းပေါ်တွင် စာလုံးထွင်းရန်နှင့် အရုပ်များ အလှဆင်ရန်တို့ဖြစ်ကြောင်း၊ ယခုအခါ အကြမ်းထည်အား အချောကိုင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊စာလုံးထွင်းပြီးမှ နောက်ဆုံးအဆင့်အချော ကိုင်ခြင်းအား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာပြည်မှာတော့ လက်ရှိ ပထမအကြီးဆုံး ခေါင်းလောင်းကြီးက ကြေးပိဿာချိန် ၅၅၅၅၅ ရှိတဲ့ မင်းကွန်းခေါင်းလောင်းကြီးဖြစ်ပြီး ဒုတိယအကြီး ဆုံးအနေနဲ့ ရွှေတိဂုံစေတီတော်က ကြေးပိဿာချိန် ၂၆၀ဝ၀ ရှိတဲ့ သာယာဝတီမင်းခေါင်းလောင်းဖြစ်ပါတယ်။ အခုဒီခေါင်းလောင်းကြီးကတော့ မြန်မာနိုင်ငံ မှာ တတိယအကြီးဆုံး ဖြစ်လာမည်ဖြစ်ပြီး ခေါင်းလောင်းကြီးမှာ ၈၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ရွှေခေါင်းလောင်း ကြေးသွန်းပညာရှင် ကိုအောင်သန်းမော် ထံမှသိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)