နေပြည်တော် ဧပြီ ၉

 

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့် ပဲစင်းငုံ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်သည့် အပြန်အလှန် အတည်ပြုလွှာ Exchange of Letters လဲလှယ်သည့် အခမ်းအနားကို ယနေ့ညပိုင်းက နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

 

ဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Kirti Vardhan Singh တို့က အမှာစကား ပြောကြားကြသည်။

 

ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်သွင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur တို့က မတ်ပဲ နှင့်ပဲစင်းငုံ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအား သက်တမ်းတိုးမြှင့်သည့် အပြန်အလှန် အတည်ပြုလွှာကို လဲလှယ်ကြသည်။

 

မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံ စားသုံးသူရေးရာ အစားအသောက်နှင့် ဖြန့်ဖြူးရေးဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် မတ်ပဲနှင့် ပဲစင်းငုံ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအား ၂ဝ၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ ငါးနှစ်သက်တမ်း တိုးမြှင့်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်းနှင့် ပဲစင်းငုံ တန်ချိန် တစ်သိန်း နှစ်စဉ်တင်ပို့ခွင့်ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ တောင်သူ လယ်သမားများ၊ ကုန်သည်များနှင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့်လည်း ၎င်းတို့၏ စိုက်ပျိုးထုတ်လုပ် တင်ပို့မှုများအတွက် ယုံကြည်စိတ်ချရမှုကို မြင့်တက်စေမည် ဖြစ်သည်။

 

ထို့ပြင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ရှိထားပြီးဖြစ်သော ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်ယုံကြည်မှုတို့ ပိုမိုခိုင်မာလာစေသည့်အပြင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များအတွက် လမ်းစသစ်များကို ဖော်ဆောင်ပေးနိုင်သော ဆွေးနွေးမှုများနှင့် ကောင်းမွန်သောရလဒ် များရရှိခဲ့‌ကြောင်း သိရသည်။

 

တည်ခင်းဧည့်ခံ

အခမ်းအနားအပြီးတွင် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား Park Royal Hotel ၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

 

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းတို့မှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဘက်မှ ပြည်ပရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်