သိပ္ပံစာရေးဆရာကိုကိုအောင်


အယ်လ်နီညိုဖြစ်စဉ်

အယ်လ်နီညို (El-Nino) ဟူသော ဝေါဟာရသည် မြန်မာနိုင်ငံသားအများစုတို့နှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသေးသော စကားလုံး ဖြစ်သည်။ အကယ်စင်စစ်အားဖြင့် အယ်လ်နီညိုဆိုသည်မှာ သမုဒ္ဒရာအတွင်း လှည့်ပတ်စီးဆင်းနေသော ရေပူစီးကြောင်းကို စပိန်ဘာသာဖြင့် ခေါ်ဝေါ်သော အသုံးအနှုန်းတစ်ခုဖြစ်သည်။ ထိုအသုံးအနှုန်းကို အကြောင်းပြု၍ အီကွေတာနှင့် နီးကပ်သော ပစိဖိတ်သမုဒ္ဒရာရပ်ဝန်းတွင် ပုံမှန်ရှိရမည့် အပူချိန်ထက် မြင့်တက်ကာ ပိုမိုပူနွေးနေခြင်းကို အယ်လ်နီညိုဖြစ်စဉ်ဟု အမည်နာမ တပ်ခဲ့ကြခြင်း ဖြစ်သည်။

သမုဒ္ဒရာအတွင်း၌ အယ်လ်နီညို ရေပူစီးကြောင်းများ လှည့်ပတ်စီးဆင်းသည့်အခါ နီးကပ်သောဒေသများတွင် ပုံမှန်မဟုတ်သော ဖြစ်ရပ်များနှင့် ကြုံတွေ့ကြရသည်။ ငါး၊ ပုစွန် စသော ရေထွက်သယံဇာတများ ရှားပါးသွားခြင်းနှင့် ဂေဟစနစ်အပေါ် သိသာသော သက်ရောက်မှုများ ဖြစ်ပေါ်ခြင်း စသည်တို့မှသည် မိုးလေဝသအခြေအနေများ ကစဉ့်ကလျား ဖြစ်ပေါ်ခြင်းနှင့် ရာသီဥတု ပြောင်းလဲသွားခြင်းများ အထိပင် ဒေသခံတို့ တွေ့ကြုံခံစားကြရသည်။ မိုးရွာသွန်းမှု သိသာစွာ လျော့နည်းသွားခြင်းမှသည် မိုးခေါင်သည်အထိ၊ မုတ်သုံအဝင်နောက်ကျခြင်းမှသည် မုတ်သုံမိုးရွာသွန်းမှု နည်းပါးခြင်းအထိ၊ မိုးလယ်ကာလတွင် မိုးရေချိန် ပမာဏ လျော့နည်းခြင်းမှသည် မုတ်သုံအထွက် စောခြင်းအထိ ကြုံတွေ့ကြရသည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ မှစ၍ တစ်နံတစ်လျား ကျယ်ပြန့်စွာတည်ရှိနေကြသော လုပ်ငန်းကိစ္စအဝဝတို့အပေါ် ထိခိုက်နစ်နာ ဆုံးရှုံးမှုများကို ကျရောက် လာစေသည်။

အယ်လ်နီညိုဖြစ်စဉ်၏ အဖျက်စွမ်းအားကြောင့် တွေ့ကြုံလာရနိုင်ဖွယ်ရှိသော ဘေးဒုက္ခများမှာ ကြီးမားကျယ်ပြန့်လှသည်ဖြစ်၍ အယ်လ်နီညိုဖြစ်စဉ် ပေါ်ပေါက်ခဲ့သည့်နှစ်တို့ကို အယ်လ်နီညိုနှစ်ဟူ၍ပင် ခေါ်ဝေါ်သမုတ်လာခဲ့ကြသည်။

အယ်လ်နီညိုဖြစ်စဉ်သည် ကမ္ဘာ့ကုန်းမြေနှင့် လေထု၊ ရေထုတို့ အပြန်အလှန် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်နေခြင်း၏ သဘာဝဖြစ်စဉ်တစ်ခုသာလျှင် ဖြစ်သည်။ သာမန်အားဖြင့် အယ်လ်နီညိုဖြစ်စဉ်သည် ခြောက်နှစ်လျှင် တစ်ကြိမ်ခန့်သာ ဖြစ်ပေါ်တတ်သော်လည်း ၁၉၈၀ ပြည့်နှစ်မှ ၂၀ဝဝ ပြည့်နှစ်အထိ ကာလအတွင်း ပြင်းထန်သော အယ်လ်နီညိုဖြစ်စဉ် စုစုပေါင်း ၁၁ ကြိမ်တိုင်တိုင် ဖြစ်ပေါ်ခဲ့သည်မှာ ထိတ်လန့်ဖွယ်ကောင်းလှသည်။

အဆိုပါဖြစ်စဉ်များအနက် ၁၉၉၇ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်နှစ်နှစ်ဆက် ဖြစ်ပေါ်ခဲ့သော အယ်လ်နီညိုကာလ၏ ဖြစ်စဉ်သည် အဆိုးရွားဆုံး ဖြစ်စဉ်အဖြစ် စံချိန်တင်ခဲ့သည်။ စိုက်ပျိုးမြေ ဧကပေါင်း ၅၆ သန်းကို ထိခိုက်စေပြီး လူပေါင်း ၂၄၀ဝဝ ကို သေဆုံးစေကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၄ ထရီလီယံကျော်အထိ ရှိခဲ့သည်။

အယ်လ်နီညိုနှင့် မြန်မာနိုင်ငံ
အယ်လ်နီညိုဖြစ်စဉ်သည် ရာသီဥတု အခြေအနေများကို ဖောက်လွဲဖောက်ပြန် ဖြစ်ပေါ်စေသည်ဖြစ်၍ အခြားသော ကမ္ဘာ့နိုင်ငံ များနည်းတူ မြန်မာနိုင်ငံအတွက်လည်း အလေးဂရုပြုရမည့် ဖြစ်စဉ်ကြီးတစ်ခုဟု ဆိုရပေမည်။ စံချိန်တင် အယ်လ်နီညိုနှစ်သည် မြန်မာနိုင်ငံအတွက် ၁၉၉၇ ခုနှစ် ဇွန်လ မှ ၁၉၉၈ ခုနှစ် မေလအထိ တစ်နှစ်တိတိ ဖြစ်ပေါ်ခဲ့ပြီး မြို့ ၁၅ မြို့၌ မိုးရေချိန် ရရှိမှုအနည်းဆုံး စံချိန်တင်ခဲ့ကာ မြို့ ၁၈ မြို့၌လည်း အပူချိန်အမြင့်မားဆုံး စံချိန်တင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းကလည်း အီကွေတာနှင့်နီးကပ်သော အရှေ့ဗဟို အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ၏ ရေပြင်အပူချိန်မှာ သိသာစွာ မြင့်တက်ခဲ့သည်။ ထိုသို့သော အပူချိန်မြင့်တက်မှုကြောင့် ၂၀၁၅ ဒီဇင်ဘာလမှ ၂၀၁၆ ဖေဖော်ဝါရီလ အတွင်း ရေပြင်၏ ပျမ်းမျှအပူချိန်သည် အယ်လ်နီညိုဖြစ်စဉ်အဆင့်အထိ ရောက်ရှိအောင်ပင် ပူနွေးလာနိုင်ကြောင်း ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်က ကြိုတင်ခန့်မှန်းထားခဲ့သည်။

အကယ်၍ အယ်လ်နီညိုဖြစ်စဉ် ပေါ်ပေါက်လာမည်ဆိုပါကလည်း ၁၉၅၀ ပြည့်နှစ်မှစ၍ ၂၀၁၅ ခုနှစ်မတိုင်မီအတွင်း ကာလများက ဖြစ်ပေါ်ခဲ့သည့် အယ်လ်နီညိုဖြစ်စဉ်များထဲမှ ထူးခြားပြင်းထန်သော ၁၉၇၂-၁၉၇၃ အယ်လ်နီညို၊ ၁၉၈၂-၁၉၈၃ အယ်လ်နီညိုနှင့် ၁၉၉၇-၁၉၉၈ အယ်လ်နီညိုတို့ထက်ပင် ပို၍ အားကောင်းလာနိုင်ကြောင်း သုံးသပ်ခန့်မှန်း တွက်ချက်ပေးခဲ့ကြသည်။

အယ်လ်နီညို အကျိုးသက်ရောက်မှု
ကမ္ဘာ့ကုန်းမြေနှင့် လေထု၊ ရေထုတို့သည် အပြန်အလှန်အမှီသဟဲပြုပြီး ကျိုးကြောင်းဆက်စပ်လျက် ရှိနေကြသည့် အားလျော်စွာ အယ်လ်နီညိုဖြစ်စဉ် ပေါ်ပေါက်သည့်နှစ်များတွင် ပင်လယ်ရေမျက်နှာပြင်ပေါ်၌ လေစီးကြောင်းများ လှည့်ပတ်တိုက်ခတ်မှုပုံစံ ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် ကုန်းမြေပေါ်ရှိ မိုးလေဝသ အခြေအနေကလည်း ယိုယွင်းလာကာ ရာသီဥတုကလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားတော့သည်။

ကောင်းကင်ယံတွင် တိမ်ဖြူတိမ်တိုက်များ ကင်းစင်သွားကာ နေ့အခါ အလွန်ပူပြင်းပြီး ခြောက်သွေ့နေမှုကြောင့် လေပူများသည် အထက်သို့ တက်ရောက်ကုန်သည်။ ထိုအခါ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်ပြီး ထိုရပ်ဝန်းသို့ ဖိအားများသော လေထုက အလုံးအရင်းနှင့် ဝင်ရောက်နေရာယူ တိုက်ခတ်မှုကြောင့် အပူပိုင်းမုန်တိုင်းများ ဖြစ်ပေါ်လာသည်။

ထို့အတူ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အထက်လွှာလေထု၏ လှည့်ပတ်တိုက်ခတ်သည့်ပုံစံ ပြောင်းလဲသွားကာ ပုံမှန်အားဖြင့် မိုးကောင်းသည့် အရပ်ဒေသများ၌ မိုးနည်းခြင်းနှင့်မိုးခေါင်မှုများကို ဖြစ်ပေါ်လာစေသလို မူလက မိုးနည်းသည့်ဒေသ များတွင်လည်း မိုးရေချိန် အများအပြားရွာသွန်းမှုကို ဖြစ်ပေါ်စေကာ ရေကြီးရေလျှံမှုများကိုပါ ဆက်စပ်၍ ဖြစ်စေနိုင်သည်။

အယ်လ်နီညိုနှစ် တစ်နှစ်စာကို ပိုင်းခြားဆန်းစစ်ကြည့်မည်ဆိုပါက ပထမလေးလတွင် အားကောင်းပြီး ဒုတိယလေးလတွင် အားပျော့သွားလေ့ရှိသည်ကို တွေ့ရှိရမည် ဖြစ်သည်။ ကမ္ဘာ့ရာသီဥတု မှတ်တမ်းများအရ ဖြစ်ပေါ်ခဲ့ပြီးသမျှသော အယ်လ်နီညို ဖြစ်စဉ် စုစုပေါင်း၏ ထက်ဝက်သည် အားပျော့သွားပြီးနောက်ပိုင်း၌ ပုံမှန်ရာသီဥတုအခြေအနေသို့ ပြန်လည်ရောက်ရှိ သွားကြသည်။ ၄၀ ရာခိုင်နှုန်းကမူ အယ်လ်နီညိုဖြစ်စဉ်၏ ဆန့်ကျင်ဘက်ဖြစ်သော လာနီညာ(La-Nina) ဖြစ်စဉ်သို့ ပြောင်းလဲ သွားကာ ကျန်သော ၁၀ ရာခိုင်နှုန်းမှာမူ အားပျော့ချိန်ရောက်ခါမှ မုန်တိုင်းဖြစ်ပေါ်ခြင်း၊ မိုးရေချိန် လျော့နည်းသွားခြင်း၊ မိုးခေါင်ခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း စသည့် အားကောင်းသော အယ်လ်နီညိုရာသီဥတု၏ အစွမ်းကို ပြသကြသည်။

မြန်မာနိုင်ငံအပါအဝင် အီကွေတာရပ်ဝန်းဒေသ နိုင်ငံများ၌ အယ်လ်နီညိုဖြစ်စဉ်နှင့် ကြုံတွေ့ရပါက အကျိုးသက်ရောက်မှု များအဖြစ် မိုးရွာသွန်းမှုလျော့နည်းခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ သောက်ရေသုံးရေများ ရှားပါးပြတ်လပ်ခြင်း၊ မြစ်ချောင်း အင်းအိုင်များတွင် ပုံမှန်ရှိမြဲထက် ရေပမာဏလျော့နည်းခြင်းများကို ကြုံတွေ့ကြရနိုင်ပြီး ထိုမှ ဆက်စပ်၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေထွက်ပစ္စည်း ထုတ်လုပ်ရေး၊ ရေကြောင်းသွားလာ ရေး၊ ရေဖြန့်ဝေမှု၊ ရေအားလျှပ်စစ် ထုတ်လုပ်မှု၊ ခရီးသွားလုပ်ငန်း စသည်တို့နှင့်အတူ ကျန်းမာရေးပြဿနာများကိုပါ ရင်ဆိုင်ကြရဖွယ်ရှိနေကြသည်။

အယ်လ်နီညိုကို ရင်ဆိုင်ရန်
အယ်လ်နီညိုဖြစ်စဉ်ကို အကောင်းဆုံး ရင်ဆိုင်ရမည့်နည်းလမ်းများအနက် သောက်ရေ၊ သုံးရေ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းသုံးရေ စသော ရေသယံဇာတများကို အလေအလွင့်မရှိအောင် စနစ်တကျ၊ စည်းကမ်းတကျ နည်းလမ်းမှန်မှန်ဖြင့် စီမံခန့်ခွဲခြင်းမှာ အထူးပင် အရေးကြီးသည်။ ဆည်နှင့် တမံများ၊ ရေလှောင်ကန်ကြီးများအတွင်းရှိ ရေများကို ထိရောက်အကျိုးရှိစွာ အသုံးချခြင်း၊ အလေအလွင့်မရှိအောင် နေ့ညမပြတ် ဂရုပြု၍ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မြင့်မားသည့်အပူရှိန်ကြောင့် ရေများ အငွေ့ပျံဆုံးရှုံးရသည့် ပမာဏ လျော့ပါးသက်သာစေသော နည်းလမ်းများကို အသုံးချခြင်း၊ ညစ်ညမ်းသော ရေများနှင့် ဓာတုအဆိပ် ပျော်ဝင်နေသောရေများ စီးဝင်လာခြင်းမရှိစေရန် ခေတ်သစ်နည်းလမ်းများဖြင့် ကာကွယ်တားဆီးခြင်း စသည်တို့ကို မလွဲမသွေ လုပ်ဆောင်ကြရမည် ဖြစ်သည်။

ထို့အတူ မြစ်ချောင်းအင်းအိုင်နှင့် ဆည်တမံများအတွင်းရှိရေများကို သောက်ရေနှင့် ချက်ပြုတ်လျှော်ဖွတ်နိုင်သော ရေများ အဖြစ်သို့ ဓာတုနည်းစဉ် (Chemical Process) များသုံးကာ သန့်စင်ခြင်း၊ သုံးရေကိုပင် အဆင့်ဆင့် အကျိုးရှိအောင် သုံးစွဲခြင်း (ဥပမာ-သုံးပြီးသော ရေနှင့် ချိုးပြီးသောရေများကို သစ်ပင်ပန်းမန်နှင့် ကောက်ပဲသီးနှံပင်များသို့ လောင်းခြင်း၊ မွေးမြူရေးလုပ်ငန်း၌ သုံးစွဲခြင်းနှင့် မြေပြင်သန့်ရှင်းရေးအတွက် အသုံးပြုခြင်း)၊ ရေအရင်းအမြစ်မှန်သမျှကို ကောင်းစွာ ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ရေကို ဖြုန်းတီးခြင်းနှင့် ပြုန်းတီးစေခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ လိုအပ်ပါက ရေစီမံခန့်ခွဲမှုနှင် ပတ်သက်၍ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

ထို့အပြင် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများ၌ အသုံးပြုနေကြသော နည်းပညာတစ်ခုဖြစ်သည့် လေထုထဲရှိ ရေငွေ့များကို စုဝေးသိပ်သည်း စေကာ တိမ်ဖြူများအဖြစ် ဖန်တီးဖြစ်ပေါ်စေသော နည်းလမ်းမျိုးကိုပင် အသုံးချကြရမည်ဖြစ်သည်။ တိမ်ဖြူများ စုဝေးဖြစ်ပေါ် လာခြင်းဖြင့် မြေပြင်နှင့်ကပ်လျက်ရှိနေသော လေထု၏ အပူရှိန်ကို လျော့ကျသွားစေကာ ပူပြင်းခြောက်သွေ့မှုကို အတိုင်းအတာ တစ်ရပ်အထိ လျှော့ချပေးနိုင်မည် ဖြစ်သည်။

အယ်လ်နီညိုဖြစ်စဉ်နှင့် ရင်ဆိုင်ကြုံတွေ့ရသည့် ကာလအတွင်း စိုက်ပျိုးရေးတောင်သူများအနေဖြင့် ရာသီဥတုအခြေ အနေနှင့် လိုက်လျောညီထွေဖြစ်မည့် ကောက်ပဲသီးနှံများကိုသာ ရွေးချယ်စိုက်ပျိုးကြရန် တာဝန်ရှိသူတို့က အကြုံပြု တိုက်တွန်းသင့်ကြ သည်။ မျိုးစေ့ကြဲပက်သည့်အချိန်နှင့် ရိတ်သိမ်းချိန်များကိုလည်း သတ်မှတ်ထုတ်ပြန်ပေးထားရန် လိုအပ်ပြီး လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ထိရောက်သော နည်းလမ်းကောင်းများဖြင့်လည်း ပံ့ပိုးဆောင်ရွက်ပေးကြရမည် ဖြစ်သည်။

အယ်လ်နီညိုနှင့် ကျန်းမာရေး
အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်လာသည့်အခါ ပူပြင်းခြောက်သွေ့မှု လွန်ကဲခြင်းကြောင့် အပူလျှပ်ခြင်းနှင့် အပူဒဏ်ကြောင့် သတိလစ် မေ့မြောခြင်းများကို ခံစားကြရလေ့ရှိသည်။ ထိုသို့ ခံစားကြရသူများအနက် အချို့မှာ ဆေးကုသဌာနများသို့ အချိန်မီ ရောက်မလာခြင်းကြောင့် လည်းကောင်း၊ ရောက်လာသည့်တိုင် ရောဂါအခြေအနေ ပြင်းထန်လွန်းသောကြောင့်လည်းကောင်း အသက်ဆုံးရှုံးကြရလေ့ ရှိသည်။

လူတို့၏ခန္ဓာကိုယ်တွင်း၌ သဘာဝအလျောက် ရှိနေသော ဇီဝရေဟုခေါ်ဆိုသည့် ကိုယ်တွင်းရေများသည် ခန္ဓာကိုယ်၏ အပူချိန်ကို ပြင်ပအပူချိန်နှင့် လိုက်လျောညီထွေဖြစ်အောင် ထိန်းညှိပေးလျက်ရှိကြရာ သာမန်အားဖြင့် ပြင်ပအပူချိန်နှင့် ခန္ဓာကိုယ်တွင်း အပူချိန်တို့ ကွာဟလာသည့်တိုင် လူ့ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလို ပူလိုက်အေးလိုက်ဖြစ်ပေါ်ခြင်း မရှိနိုင်တော့ပေ။ သို့ရာတွင် ပြင်ပအပူချိန်က အဆမတန် မြင့်တက်လာသည့်အခါ ဇီဝရေဖြင့် အပူချိန်ထိန်းညှိသည့် စနစ်လည်း ပျက်ယွင်းလာပြီး ခန္ဓာကိုယ်အပူချိန်ကပါ လိုက်၍ မြင့်တက်လာသည်။

ထိုအခြေအနေမျိုးတွင် ခန္ဓာကိုယ်၏ အပူချိန်သည် ၁၀၄ ဒီဂရီဖာရင်ဟိုက်အထိပင် မြင့်တက်လာနိုင်ပြီး ကိုယ်တွင်းရှိရေနှင့် ဓာတ်ဆားများ ဆုံးရှုံးမှုကိုပါ ဖြစ်ပေါ်လာစေသည်။ ခန္ဓာကိုယ်တွင်း ရေဓာတ်လျော့နည်းသွားခြင်းနှင့် ဓာတ်ဆားများ၏ အချိုးအစား ပြောင်းလဲသွားခြင်းကြောင့် ချွေးလုံးဝ မထွက်တော့ခြင်း၊ အလွန်ပင်ပန်းနွမ်းနယ်လာခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ကယောင်ချောက်ချားဖြစ်ခြင်း၊ သတိလစ် မေ့မြောသွားခြင်းများ ဖြစ်ပွားလာနိုင်ပြီး အချိန်မီ ကုသမှုမခံယူနိုင်ပါက အသက်ဆုံးရှုံးရသည်အထိပင် ဖြစ်ပွားနိုင်ဖွယ်ရှိသည်။

ယင်းကဲ့သို့ အပူဒဏ်လွန်ကဲမှုကို ခံစားကြရနိုင်သည့်အထဲတွင် အသက်အရွယ်ကြီးရင့်သူများ၊ ကလေးငယ်များ၊ နှလုံးရောဂါနှင့် ဆီးချိုရောဂါ ရှိသူများ၊ နေရောင်ထဲ၌ အလုပ်လုပ်နေကြသော ကာယလုပ်သားများ စသည်တို့သည် ရောဂါကိုခံစားရနိုင်ခြေ ပို၍ရှိနေကြသည်။ ထို့အပြင် အရက်သေစာ သောက်စားထားသူများသည်လည်း အပူဒဏ်ကို ပိုမိုခံစားကြ ရလိမ့်မည်ဖြစ်သလို အပူဒဏ်ကြောင့်ဖြစ်ပေါ်လာမည့် ရောဂါလက္ခဏာများကိုလည်း သာမန်လူများထက် ပိုမိုကြုံတွေ့ကြရ လိမ့်မည် ဖြစ်သည်။

သို့ဖြစ်၍ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် ရောဂါဝေဒနာ အမျိုးမျိုးကို ခံစားနေကြရသူများသည် မွန်းတည့်ချိန်နှင့် မွန်းလွဲပိုင်းအချိန်များတွင် အရိပ်အာဝါသကောင်းသော နေရာများ၊ လေဝင်လေထွက်ကောင်းသော နေရာများ၊ လေထုတ်ပန်ကာ တပ်ဆင်ထားသော နေရာများနှင့် လေအေးပေး စက်တပ်ဆင်ထားသော နေရာများ၌သာ နေထိုင်ကြရန်လိုအပ်သည်။

ထို့အတူ ကာယလုပ်သားများအနေဖြင့်လည်း ပြင်းထန်သောနေရောင်၏အောက်၌ အလုပ်လုပ်ခြင်းမျိုးကို ရှောင်ကြဉ်သင့်ကြ သလို အားကစားသမားများ အနေဖြင့်လည်း ပြင်းထန်သော လေ့ကျင့်ခန်းများ၊ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်းမျိုးကို ရှောင်ရှားကြရမည် ဖြစ်သည်။ အလားတူပင် အများပြည်သူအားလုံးသည်လည်း ပူပြင်းသော မွန်းတည့်ချိန်နှင့် မွန်းလွဲချိန်များတွင် မြစ်ကမ်းဘေး၊ ချောင်းကမ်းပါးများနှင့် ရေချိုးဆိပ်များ၌ ရေချိုးခြင်းများကို လုံးဝရှောင်ကြဉ်ကြရမည် ဖြစ်သည်။ 
(ဆက်လက်ဖော်ပြပါမည်)