၇ မတ်
မြန်မာနိုင်ငံ၏ အပြောင်းအလဲများ၊ အောင်မြင်မှုဆုံးရှုံးမှုများ၊ ပြည်သူတို့ ချောင်လည်မှု ကျပ်တည်းမှုများ၊ ပူလောင်မှု အေးချမ်းမှုများ စသည်တို့က နိုင်ငံရေးပြဿနာများပေါ်တွင် အများဆုံးတည်မှီခဲ့သည်ဟု ဆိုချင်ပါသည်။
ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းကို ဆုံးရှုံးခဲ့ရပြီးနောက် ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသား လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံတိုးတက်သာယာရေး စသဖြင့် ပြည်သူတို့ကိုယ်တိုင် အားထုတ် ရုန်းကန်ခဲ့ရသော နိုင်ငံတစ်ခု ဖြစ်ပါသည်။ ယင်းသို့သော နိုင်ငံတွင် ရှင်သန်လှုပ်ရှားနေထိုင်ခဲ့ရသော ပြည်သူလူထုမှာ နိုင်ငံရေး ဝဲဩဃထဲတွင် လည်ခဲ့ရလွန်းသည့်အတွက် နိုင်ငံရေးနိုးကြားလှသည်ဟုဆိုရပါမည်။
ပြည်သူလူထုက အမှန်တကယ် ပါဝင်ကြရတော့မည့် အချိန်ဆိုလျှင်ပြည်သူတို့ ရှေ့တန်းရောက်လာကြသည်ချည်း။ ကိုလိုနီဆန့်ကျင်ရေးတွင်လည်း ဆန့်ကျင်ရေးအတွက်၊ ဖက်ဆစ်တော်လှန်ရေးတွင်လည်း တော်လှန်ရေးအတွက်၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက်၊ ဒီမိုကရေစီရေး အတွက်တို့တွင် ပြည်သူတို့ တက်ကြွစွာပါဝင်ခဲ့ဖူးပြီ။
ထွေထွေရွေးကောက်ပွဲကြီး လုပ်မည်ဆိုတော့ အခြေအနေအရ တိတ်တိတ်ဆိတ်ဆိတ် နေခဲ့ကြရသော ပြည်သူလူထုကြီး မဲရုံများဆီသို့ ရောက်ရှိလာပြီး အုန်းအုန်းကျွက်ကျွက် မဲပေးခဲ့ကြပြန်သည်။ ယင်းသို့ပြည်သူ့ကိုယ်စားလှယ်များကို သောင်ပြိုကမ်းပြို မဲပေးခဲ့ကြသည်မှာ တစ်ကြိမ်ပင်မက။ နောက်ထပ် အနှစ်နှစ်ဆယ်ကျော်ကြာလည်း ပြည်သူလူထုက သည်သဘောပဲဆိုတာကို နိုင်ငံရေးနိုးကြားမှုအပြည့်နှင့် ပြသခဲ့ကြဖူးသည်။
ယခုအခါ အခြေခံဥပဒေပြင်ဆင်ရေးဆိုလျှင်လည်း ပြည်သူတို့ကြားတွင် လှုပ်ရှားနိုးကြားသည်ကို ဟိုမှာသည်မှာ တွေ့လာနေရပြီဖြစ်သည်။
ပြည်သူလူထုက နိုင်ငံရေးနိုးကြားမှုနှင့် နိုင်ငံရေးရင့်ကျက်မှု ရှိနေသကဲ့သို့ အနစ်နာခံသော နိုင်ငံရေးခေါင်းဆောင်များ၊ ထက်မြက်သော နိုင်ငံရေးခေါင်းဆောင်များ ပေါ်ထွန်းလာသည်ကိုလည်း တွေ့ရပါသည်။ ထိုသို့ နိုင်ငံရေး သမားများနှင့်အတူ နိုင်ငံရေး ဝေဖန်သုံးသပ်သူများ၊ နိုင်ငံရေးဆိုင်ရာ ပညာရှင်များကိုလည်း ပြည်တွင်းကသာမက ပြည်ပကပါ ဝေဖန်သုံးသပ်နေကြ အကြံပေးနေကြ စသည်ဖြင့် တွေ့မြင်ရပါသည်။
နိုင်ငံရေး အကြံပေးများဖြစ်ဖြစ်၊ စီးပွားရေးစီမံကိန်းဆိုင်ရာ အကြံပေး များဖြစ်ဖြစ် အကြံဉာဏ်များပေးပြီး ဖြစ်ပေါ်လာသည့် အကျိုးဆက်က ပြည်သူတို့ ခံစားရမည်ဆိုသည်ကို ပြည်သူတို့က နောကျေနေပြီဟု ဆိုချင်ပါသည်။
ရှင်ကြီးဝမ်းရော ရှင်ငယ်ဝမ်းရော ဝင်ခဲ့ကြရဖူးသော၊ နိုင်ငံရေး ဝဲဩဃတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ကြရသော မြန်မာပြည်သူတို့မှာ မည်သည့်အကြံဉာဏ်များက ပြည်သူလူထု၏ အကျိုးစီးပွားနှင့် နီးစပ်ပြီး မည်သည့်အကြံဉာဏ်များက ပြည်သူလူထုကို ပျက်ရယ်ပြုနေသည်ဆိုခြင်းကို နားလည်နိုင်ကြသည့် ပြည်သူလူထု ဖြစ်ပါသည်။
ထို့ကြောင့် နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးအကြံပေးများ၊ နိုင်ငံရေးပညာရှင်များအဖြစ် ပြည်သူလူထုက အားထားရသည့် အထူးတလည် အရေးကြီးသော အခြေခံအချက်တစ်ခုမှာ ထိုခေါင်းဆောင်များ၊ အကြံပေးများသည် ပြည်သူလူထုနှင့် မည်မျှလောက် နီးစပ်သလဲ၊ ပြည်သူတို့၏ ခံစားချက်ကို မည်မျှလောက် နားလည်စာနာနိုင်သလဲဟူသည့် အချက်ဖြစ်ပါသည်။ ပြည်သူနှင့်အတူစံစား၊ ပြည်သူနှင့်အတူခံစား နားလည်စာနာနိုင်ကြသူများ ဖြစ်ဖို့လိုသည်ဟူသော အချက်ပင်ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း