သတင်းဆောင်းပါး - တက္ကသိုလ်ဇော်ထူးဦး
မွန်မြတ်သော လူမှုဝန်ထမ်းအလေ့အထတစ်ဦးနှင့်တစ်ဦး ဝိုင်းဝန်းကူညီထောက်ပံ့ခြင်းဟူသော အညမည သင်္ဂဟလုပ်ငန်းသည် မြန်မာနိုင်ငံတွင် အစဉ်အလာအားဖြင့် ရှေးကပင်ရှိခဲ့၏။ ဤမွန်မြတ်သော လူမှုဝန်ထမ်း အလေ့အထများသည် အထူးသဖြင့်ကျေးလက်တောရွာများတွင် စ၍ရှိခဲ့ရာ ယနေ့တိုင် တွေ့နေရဆဲဖြစ် သည်။
သာရေးနာရေးကိစ္စများတွင် ရွာလုံးကျွတ် မိမိအလုပ်အကိုင်နား၍ ဝိုင်းဝန်းဆောင်ရွက်ပေးခြင်း၊ တစ်အိမ်ထောင် အိုးသစ်အိမ်သစ် ရရှိရေးအတွက် တစ်ရွာလုံးက ဝိုင်းဝန်းကူညီပန္နက်ချ အိမ်တိုင်ထူပေးခြင်း၊ အိမ်မိုး ပေးခြင်းစသည့် လူမှုရေးလုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ကြသည်မှာ ကျေးလက်မြန်မာ့ ဓလေ့ပင်ဖြစ်သည်။
ရှေးမြန်မာဘုရင်များလက်ထက်က လူမှုဝန်ထမ်း လုပ်ငန်းကို ကုသိုလ်ရေးအနေဖြင့်သာ ဆောင်ရွက်ကြ၏။ မင်းတုန်းမင်းတရား လက်ထက်တွင် လူမှုဝန်ထမ်းလုပ်ငန်းကို စနစ်တကျဖွဲ့စည်းလုပ်ကိုင်ခဲ့ကြ၏။ သာဓက အားဖြင့်လယ်ယာစိုက်ပျိုးရေး တိုးတက်စေရန် ရေတွင်းရေကန် တူးဖော်ခြင်း၊ ဆည်မြောင်းတာတမံ ဆောက်လုပ်ခြင်း၊ သာသနာ ရေးတိုးတက်ရန် သံဃာအဖွဲ့အစည်းများ ဖွဲ့စည်းခြင်းပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လူမှုဝန်ထမ်းလုပ်ငန်းအချို့ကို သံဃာ အဖွဲ့အစည်းများက ဦးဆောင်ပြုလုပ်လေ့ရှိကြ၏။ သံဃာတော်တို့မှာ လောကီအလုပ်နှင့် မပတ်သက်သော်လည်း လူမှုရေးလုပ်ငန်းများဖြစ်သည့် မကျန်းမာသူများ၊ အိုမင်း မစွမ်းရှိသူများ၊ ဆင်းရဲနွမ်းပါးသူများကို ကယ်ဆယ်မစကာ လက်ခံစောင့်ရှောက်ထားခြင်းကို ဘုန်းတော်ကြီးကျောင်းများတွင် တွေ့ရသည်။
ထို့အပြင် ကလေးသူငယ်နှင့်လူငယ်လူရွယ်များ ပညာ သင်ကြားရာကျောင်းအဖြစ်လည်း ဘုန်းတော်ကြီးကျောင်း များကိုပင် အသုံးပြုခဲ့ကြ၏။ ယင်းသည် ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက်သွားသည့်တိုင် ကျေးလက်တောရွာ များရှိဘုန်းတော်ကြီးကျောင်းများတွင် ဆက်လက်ဆောင်ရွက်နေခဲ့သည်။
အသင်းအဖွဲ့များအဖြစ် ပေါ်ပေါက်လာ
ဗြိတိသျှအစိုးရလက်ထက်တွင် စီးပွားရေးနှင့် ဆီလျော်သော လူမှုရေးလုပ်ငန်းအချို့ကို ဆောင်ရွက်ပေးခဲ့ရာ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများ ပါဝင်ခဲ့၏။ နိုင်ငံအတွင်းသို့ခရစ်ယာန် သာသနာပြုအဖွဲ့များ ရောက်လာ ချိန်တွင် ၎င်းတို့ယူဆောင်လာသော အနောက်နိုင်ငံနည်းစနစ်များဖြင့်လူမှုဝန်ထမ်းလုပ်ငန်းများကို လုပ်ကိုင်ကြ ရာ အောင်မြင်ခဲ့၏။ ယင်းတို့ကို ဗြိတိသျှအစိုးရက ဘဏ္ဍာရေးအားဖြင့် အထောက်အပံ့ပေးမှုများ ရှိခဲ့သည်။
ထို့နောက် နိုင်ငံတော်အတွင်း အမျိုးသားစိတ်ဓာတ်နိုးကြားတက်ကြွလာချိန်တွင် ပြည်သူလူထုတို့မှာ လူမှုဝန်ထမ်း လုပ်ငန်းများကိုလည်း စိတ်ပါဝင်စားလာကြ၏။ လူငယ်ကြီး ပွားရေးပြဿနာများ၊ ကလေးနှင့် မိခင်များစောင့်ရှောက်ရေး ပြဿနာများကို စေတနာ့ဝန်ထမ်းသဘောသက်သက်ဖြင့်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ လူငယ်များကြီး ပွားရေးအသင်း၊ ဝိုင်အမ်ဘီအေ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း စသည့်အသင်းများကို ဖွဲ့၍ဆောင်ရွက်လာခဲ့ကြသည်
ပညာရေးဘက်တွင်လည်း ရန်ကုန်မြို့တွင် မြို့မတိုင်းရင်း သားကျောင်းဟူ၍လည်းကောင်း၊ နယ်များတွင် အမျိုးသား ကျောင်းများဟူ၍လည်းကောင်း ပေါ်ပေါက်လာခဲ့၏။ ထို့နောက်ပိုင်း နှစ်ပေါင်း ၃၀ ကျော်သောအခါ မြန်မာနိုင်ငံအနှံ့အပြားတွင်အပြည်ပြည်ဆိုင်ရာအသင်းများနှင့် ဆက်သွယ်ခဲ့သော ဝိုင်အမ်စီအေ၊ ဝိုင်ဒဗလျူစီအေ စသည်ဖြင့် မိမိတို့ကိုယ်တိုင် ငွေကြေးများ ရှာဖွေလျက် ဖွဲ့စည်းတည်ထောင်သည့်အသင်းများ ပေါ်ပေါက်လာခဲ့၏။ ၁၉၃၀ ပြည့်နှစ်ခန့်တွင် ကျေးလက်တောရွာပြုပြင်ရေးအသင်းများ ပေါ်ပေါက်လာသည်။
သမဝါယမအသင်း၊ သမဝါယမဘဏ်များ၊ အိမ်တွင်းမှုလုပ်ငန်းများနှင့် သက်ကြီးပညာသင်ကြားရေးအတွက် ကျောင်း များကိုလည်း ဖွဲ့စည်းတည်ထောင်လာပြီး ဤသို့လူမှုဝန်ထမ်း လုပ်ငန်းများ၊ နိုးကြားတက်ကြွစွာ ပေါ်ပေါက်လုပ်ဆောင်နေကြစဉ်တွင် ဒုတိယကမ္ဘာစစ်ကြီး ဝင်ရောက်ဖိစီးနှိပ်စက်ခဲ့သဖြင့်လူမှုရေးနှင့် စီးပွားရေး လုပ်ငန်းရပ်များ ဆုတ်ယုတ်ပျက်စီးခဲ့ရ၏။ စစ်ကြောင့် နိုင်ငံအတွင်း အလုပ်လက်မဲ့ပြဿနာများ၊ အိုးအိမ်မဲ့ ပြဿနာများ၊ စစ်ပြေးဒုက္ခသည်များနှင့် ပညာသင်ကြားရေးပြဿ နာများ ပေါ်ပေါက်လာခဲ့ရာ လူမှုဝန်ထမ်း လုပ်ငန်းများမှာလည်း ပျောက်ကွယ်လုမတတ်ဖြစ်ခဲ့သည်။
ဂျပန်ခေတ် လူမှုဝန်ထမ်းလုပ်ငန်း
သို့ရာတွင် ဂျပန်ခေတ်တွင် ဗမာ့ဝန်ထမ်းဌာနဟူသော အမည်ဖြင့် မြန်မာအမျိုးသားတို့၏ ကူညီတတ်သော ယဉ်ကျေး မှုတိမ်ကောပပျောက်ခြင်း မရှိစေရန် အမျိုးသားကာကွယ်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်ရန် ဂျပန် အုပ်ချုပ်ရေးနှင့် သီးခြား ဖြစ်သော အဖွဲ့ကြီးတစ်ဖွဲ့ ပေါ်ပေါက်လာခဲ့သည်။
ယင်းဗမာ့ဝန်ထမ်းဌာနကို ကျေးလက်တောရွာများတွင်လည်း အနှံ့အပြားဖွဲ့စည်းထားရှိရာ ဝန်ထမ်းတပ် များသည်ကျေးရွာလူထုကောင်းစားရေးနှင့် အမျိုးသားကာကွယ်ရေး လုပ်ငန်းများကို ပူးတွဲဆောင်ရွက်ခဲ့၏။ ထို့ကြောင့် ဂျပန်ခေတ်တွင်မြန်မာတို့သည် လူမှုဝန်ထမ်းလုပ်ငန်းများကို တတ်အားသမျှ ကြိုးပမ်းလုပ်ဆောင် ခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံး၍ အင်္ဂလိပ်များ ပြန်လည်ဝင်လာချိန်တွင် ပြည်သူလူထုကြီးတစ်ရပ်လုံးမှာ လွတ်လပ်ရေးအတွက်ကြိုးပမ်းနေရ၍လည်းကောင်း၊ စီးပွားရေး၊ လူမှုရေးတို့မှာလည်း ဖရိုဖရဲပျက်စီး နေမှုကြောင့်လည်းကောင်း၊ လူမှုဝန်ထမ်းလုပ်ငန်း များကို စိတ်ရှိသလောက် အကောင်အထည်မဖော်နိုင်ခဲ့ဘဲ ပြန်လည်ထူထောင်ရေး ရည်မှန်းချက်များဖြင့်သာ အချိန်ကုန်ခဲ့ကြသည်။
လူမှုဝန်ထမ်းစိတ်ဓာတ်နှင့် အလေ့အထများသည် မြန်မာ နိုင်ငံတွင် အစဉ်အလာအားဖြင့် ထွန်းကား ခဲ့သော်လည်း ခေတ်ကာလအလျောက် ဗြဟ္မစိုရ်တရားနည်းပါး ဆုတ်ယုတ်လာပြီး လူမှုရေးလုပ်ငန်းများကို လျစ်လျူရှုသူများ တဖြည်းဖြည်းများလာခဲ့၏။ ထို့ကြောင့်နိုင်ငံတော်အစိုးရက ဤမွန်မြတ်သော စိတ်ဓာတ်နှင့် အလေ့အထများကို စနစ်တကျပြန်လည်ပျို ထောင်ကာ လူမှုရေးရာပြဿနာအရပ်ရပ်ကို ကြိုးပမ်းဖြေရှင်းနိုင်ရန် လူမှုရေးစီမံကိန်းကော်မရှင် နိုင်ငံတော်လူမှုဝန်ထမ်း ကောင်စီ စသည်တို့ကို ဖွဲ့စည်းခဲ့သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် လူမှုဝန်ထမ်းလုပ်ငန်းများကို အကြမ်းအားဖြင့် လုပ်ငန်းနယ်ပယ် ၁၀ ခု ခွဲကာ အကောင်အထည်ဖော်ခဲ့၏။ ယင်းတို့မှာ ထိခိုက်နာမကျန်းသူများ အတွက်လုပ်ငန်း၊ ကလေးသူငယ်များ အတွက်လုပ်ငန်း၊ လူငယ်များအတွက်လုပ်ငန်း၊ လူအိုများအတွက်လုပ်ငန်း၊ ကိုယ်လက် အင်္ဂါချို့ယွင်းသူများ အတွက်လုပ်ငန်း၊ စာရိတ္တချို့ယွင်းသူတို့အတွက်လုပ်ငန်း၊ လူမှုပညာဖြန့်ချိမှုလုပ်ငန်း၊ ကိုယ်လက်ကြံ့ခိုင်ရေး လုပ်ငန်း၊ မိခင်နှင့်ကလေးများအတွက်လုပ်ငန်းနှင့် အထွေထွေလုပ်ငန်းတို့ဖြစ်သည်။
၁၉၅၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ပြည်ထောင်စုလူမှုဝန်ထမ်းကောင်စီကို ဖွဲ့စည်းခဲ့၏။ ထိုကောင်စီ ပေါ်ပေါက်ချိန်တွင်မြန်မာနိုင်ငံတွင် ပြည်ထောင်စုလူငယ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာ နိုင်ငံတော်စာကြည့် တိုက်နှင့် စာဖတ်အသင်းများအဖွဲ့ချုပ်၊ ဗမာပြည်လွတ်လပ်ရေး အမျိုးသမီးများအစည်းအရုံး ဌာနချုပ်၊ လက်နက် ကိုင်တပ်ပေါင်းစုံချီးမြှင့်ရေး အမျိုးသမီးအဖွဲ့ချုပ်၊ ပြည်သူ့သူနာပြုတပ်မတော်ဌာနချုပ်၊ မြန်မာပြည် ကင်းထောက်ဌာနချုပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာဗမာ မွတ်စလင်အမျိုးသမီးများအဖွဲ့ချုပ်၊ ဝိုင်အမ်စီအေ၊ ဗမာနိုင်ငံ လူငယ်များအစည်းအရုံးဌာနချုပ်၊ ဝိုင်အမ်ဒဗလျူစီအေ၊ မြန်မာနိုင်ငံကင်း ထောက်အမျိုးသမီးများအဖွဲ့ချုပ်၊ အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ စသည့်အဖွဲ့ချုပ်များ တည်ရှိကြပြီးဖြစ်သည်။
၁၉၅၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ပထမအကြိမ် ပြည်ထောင်စုလူမှုဝန်ထမ်းညီလာခံကြီးကို ကျင်းပခဲ့ရာ နိုင်ငံတစ်ဝန်းလုံးမှ လူမှုရေးအသင်းအဖွဲ့များ၊ ဂေဟာများ၊ ဌာနများမှ ကိုယ်စားလှယ်များနှင့် လေ့လာသူ ၃၀ဝ ခန့် တက်ရောက်ခဲ့၏။ ယင်းညီလာခံ၏ ဆုံးဖြတ်ချက်အရ ပြည်ထောင်စုလူမှုဝန်ထမ်း ကောင်စီ ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလတွင် ဒုတိယအကြိမ်ညီလာခံနှင့် ၁၉၅၅ ခုနှစ် ဒီဇင်ဘာလတွင် တတိယအကြိမ် ညီလာခံများကို အသီးသီး ကျင်းပခဲ့သည်။
ဌာနတစ်ခုအဖြစ် ဖွဲ့စည်း
ပထမညီလာခံကြီး ကျင်းပနေစဉ်အတွင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့၏။ ၁၉၅၆ ခုနှစ်တွင် အမျိုးသမီးကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာအဖွဲ့ချုပ်ကို ပြည်ထောင်စု မြန်မာနိုင်ငံတော် ကိုယ်ကျင့်တရားမြှင့်တင်ရေးအဖွဲ့ချုပ်အမည်ဖြင့် ဖွဲ့စည်းခဲ့၏။ ၁၉၄၇ ခုနှစ်တွင် မြန်မာ နိုင်ငံတော်အစိုးရက အမျိုးသမီးနှင့် ကလေးများ တိုးတက်ရေးအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့၏။ ၁၉၄၉ ခုနှစ်တွင်ထိုအဖွဲ့အား အမျိုးသမီးများနှင့် ကလေးများစောင့်ရှောက်ရေး ဌာနအဖြစ် အစိုးရက တိုက်ရိုက်အုပ်ချုပ် သောဌာနတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ ၁၉၅၄ ခုနှစ် ဧပြီ ၁ ရက်နေ့မှစ၍ အမျိုး သမီးများစောင့်ရှောက်ရေးဌာန၏ လုပ်ငန်းအချို့ကိုနိုင်ငံတကာနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ရန် လူမှုရေးရာ ကြီးပွားရေးဌာနဟု ဌာနသစ်အဖြစ် ဖွဲ့စည်းခဲ့သည်။
လူမှုရေးရာကြီးပွားရေးဌာနသည် စတင်ဖွဲ့စည်းစဉ်က ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ခံဖြစ်ပြီး ၁၉၅၄ ခုနှစ်စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်ကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန လက်အောက်သို့ ရောက်ရှိခဲ့၏။ ၁၉၅၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် လူမှုရေးရာ ကြီးပွား ရေးဌာနအမည်မှ လူမှုဝန်ထမ်းဌာနဟုပြောင်းလဲခေါ်တွင်ခဲ့၏။ ယခင်က လူမှုဝန်ထမ်းလုပ်ငန်းများကို စာရိတ္တပြုပြင် ပေးရန်ဟူသော လူမှုရေးသဘောထား အခြေခံဖြင့်ကုသိုလ်ရေးသက်သက် ဆောင်ရွက်ခဲ့ရာမှ နောင်တွင်စီးပွားရေးကြောင့် လူမှုရေး အခက်အခဲများကို ဖြေရှင်းပေးရန်ရည်ရွယ်ကာ ပုံစံအမျိုးမျိုးဖြင့် ဖွဲ့စည်းဆောင်ရွက်လာခဲ့ကြသည်။