နေပြည်တော်   ဒီဇင်ဘာ  ၂၃

မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေး ကော်မရှင်တို့အကြား “Customs Regulation အကောက်ခွန် စည်းမျဉ်းစည်းကမ်း” ဆိုင်ရာ ပူးတွဲဆွေးနွေးပွဲကို ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန်၊ အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများမြှင့်တင်ရန်၊ ဒေသတွင်းစီးပွားရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုတို့ကို မြှင့်တင်ရေး အတွေ့အကြုံများဖလှယ်ရန် ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ Video conference စနစ်ဖြင့် ကျင်းပသည်။

ဉီးစွာ ပြည်ထောင်စု ဝန်ကြီးဒေါက်တာကံဇော်က မျက်မှောက်ခေတ်ကာလ၌ နိုင်ငံတကာ ကုန်သွယ်မှုလုပ်ငန်းစဉ်များ တိုးတက်များပြားလာသောကြောင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး လုပ်ငန်းစဉ်များကို နည်းပညာအသုံးပြု၍ ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏အကောက်ခွန် လုပ်ငန်းစဉ်များအား ခေတ်မီ၍လွယ်ကူချောမွေ့စေရန် ဆောင်ရွက်ထားရှိမှု၊ မြန်မာနိုင်ငံနှင့် ဥရောပ အာရှစီးပွားရေးကော်မရှင်တို့အကြား အကောက်ခွန်စည်းမျဉ်းစည်းကမ်းများဆိုင်ရာ အတွေ့အကြုံကောင်းများ ဖလှယ်ရန် တိုက်တွန်းပြောကြားသည်။   
        
ယင်းနောက်ဥရောပ အာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင် မေခရို (အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး Mr. Eldar Alisherov က ဥရောပအာရှ စီးပွားရေးသမဂ္ဂအနေဖြင့် ပြည်ပစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြတင်းတစ်ပေါက်စနစ် တိုးတက်လာစေရေး အတွက် ဆောင်ရွက်လျက်ရှိမှု၊ အဖွဲ့ဝင်များအကြား ညှိနှိုင်းဆောင်ရွက်မှုအခြေအနေနှင့် ပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော်ရာတွင် ဥရောပအာရှစီးပွားရေးကော်မရှင်၏ လုပ်ငန်းအစီအစဉ်များကို ပြောကြားသည်။

ဆက်လက်၍ ဥရောပအာရှစီးပွားရေးကော်မရှင်၊ အကောက်ခွန်ဥပဒေနှင့် ဥပဒေစိုးမိုးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Mr. Grigor Ohanyan က “ဥရောပအာရှစီးပွားရေး သမဂ္ဂ၏ တစ်ခုတည်းသော အကောက်ခွန်စည်းမျဉ်းစည်းကမ်းခေါင်းစဉ်” ဖြင့် ဥရောပအာရှ စီးပွားရေးသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအတွင်း ကျင့်သုံးလျက်ရှိသည့် အကောက်ခွန်စည်းမျဉ်း စည်းကမ်းများနှင့် ပြဋ္ဌာန်းထားသည့် အကောက်ခွန်ဥပဒေများကို ရှင်းလင်းဆွေးနွေးပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လင်းမြိုင်က  “မြန်မာနိုင်ငံ၏ အကောက်ခွန်စည်းမျဉ်းစည်းကမ်းစနစ်” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ အကောက်ခွန်ဥပဒေများ၊ အကောက်ခွန်ဦးစီးဌာနမှ ကောက်ခံပေးလျက်ရှိသော အခွန်အခများ၊ အကောက်ခွန်စည်းကြပ်ရာတွင် အဓိကကျသောကဏ္ဍ (၃) ရပ်နှင့် အကောက်ခွန် လုပ်ထုံးလုပ်နည်းများကို ရှင်လင်းတင်ပြကြသည်။ 

ထို့နောက် ဥရောပအာရှစီးပွားရေးကော်မရှင်ဘက်မှ Mr. Grigor Ohanyan က “ပြည်ပစီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း လုပ်ထုံးလုပ်နည်းများတွင် ပြတင်းတစ်ပေါက်စနစ် အသုံးပြုမှု ခေါင်းစဉ်” ဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ၏ ပြတင်းတစ်ပေါက်စနစ် ယန္တရားနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလားအလာများကိုလည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟိန်းထက်အောင်က မြန်မာ့ကုန်ပစ္စည်း အလိုအလျောက် ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System- MACCS)၊ နိုင်ငံတော်၏ ပြတင်းတစ်ပေါက်စနစ်တို့နှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။ 

ယင်းနောက် ဥရောပအာရှစီးပွားရေးကော်မရှင်၊ အကောက်ခွန်အာဏာပိုင်များနှင့် အကောက်ခွန်ဆိုင်ရာ အခြေခံအဆောက်အအုံ သတင်းအချက်အလက်စနစ်များ ပေါင်းစည်းရေး ဌာနမှ ဌာနမှူး Mr. Vladimir Badeynov က “အကောက်ခွန်ကဏ္ဍတွင် နိုင်ငံအချင်းချင်း အီလက်ထရွန်နစ် သတင်းအချက်အလက်ဖလှယ်ရေး အကောင်အထည်ဖော်မှုဆိုင်ရာ အချက်အလက်ဖလှယ်မှုခေါင်းစဉ်” ဖြင့်  ဥရောပအာရှစီးပွားရေးသမဂ္ဂတွင် အသုံးပြုနေသော နည်းလမ်းများ၊  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစည်သူကျော်က အာဆီယံပြတင်းတစ်ပေါက်စနစ် ဆောင်ရွက်မှုများ၊ အာဆီယံနိုင်ငံများ၏ ပြတင်းတစ်ပေါက်စနစ်များနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ အီလက်ထရွန်နစ် သတင်းအချက်အလက်ဖလှယ်မှုများကို အပြန်အလှန် ဆွေးနွေးခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းဖြေကြားကြသည်။  

ဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနနှင့်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိ သူများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေး ကော်မရှင်တို့အကြား အလားတူဆွေးနွေးပွဲများဖြစ်သည့် ငွေကြေးနှင့် ဒီဂျစ်တယ်စီးပွားရေး၊ စက်မှုအခြေပြု စိုက်ပျိုးရေးဆိုင်ရာ ဆွေးနွေးပွဲများကို ၂၀၂၅ ခုနှစ်အတွင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်