မြန်မာနိုင်ငံပိုင် ဂြိုလ်တုစနစ်ဆိုင်ရာ နည်းပညာ ဆပ်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ၁၇ နိုဝင်ဘာ


မြန်မာနိုင်ငံပိုင် ဂြိုလ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးတွင် ဒုတိယသမ္မတ၏ လမ်းညွှန်မှုအတိုင်း ဝန်ကြီးဌာနများမှ ဆက်သွယ်ရေးနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတို့အတွက် ဂြိုလ်တု ချန်နယ်များကို အသုံးပြုကြသော ဝန်ကြီးဌာနများ အနေဖြင့်၂၀၁၉ ခုနှစ် ဇွန်လတွင် အသုံးပြုနိုင်မည့် Myanmar Sat-2 ဆက်သွယ်ရေး ဂြိုလ်တုသို့ ပြောင်းရွှေ့ အသုံးပြုနိုင်ရေး Migration အတွက် နည်းပညာဆိုင်ရာ ကိစ္စများ ဆွေးနွေးပေးကြပါရန် ပြောကြားသည်။


ဆက်လက်၍ မြန်မာနိုင်ငံပိုင် ဂြိုလ်တုစနစ်ဆိုင်ရာ နည်းပညာဆပ်ကော်မတီ အတွင်းရေးမှူး ၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က လက်ရှိတွင် Myanmar Sat-1 ကို အသုံးပြုနေကြောင်း၊ ၂၀၁၉ ခုနှစ် ဇွန်လတွင် အသုံးပြုမည့် Myanmar Sat-2 သည် ပိုမိုကောင်းမွန်သော နည်းပညာ (Spot Beam) ကို အသုံးပြုထား၍ ဂြိုလ်တုမှ လွှင့်အား ပိုမိုရရှိခြင်းဖြင့်  အရည်အသွေး ပိုမိုကောင်းမွန်ကြောင်း၊ ရုပ်မြင်သံကြား ထုတ်လွှင့်မှု ဆောင်ရွက်သော ကာကွယ်ရေးနှင့် ပြန်ကြားရေး ဝန်ကြီးဌာနများ၏ လက်ရှိ အသုံးပြုနေသော ဂြိုလ်တုများမှ မြန်မာဂြိုလ်တုသို့ ပြောင်းရွှေ့ချိန်ညှိနှိုင်ရေး နည်းပညာနှင့် စက်ပစ္စည်းများ လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။


၄င်းနောက် တက်ရောက်လာသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချစ်ဝေက  EOS ဂြိုလ်တု လွှင့်တင်နိုင်ရေး အမြန်ဆုံးဆောင်ရွက်ရန် ပြောကြားပြီး သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းက ဖြည့်စွက်ဆွေးနွေး အကြံပြုသည်။


ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကလည်း မိမိတို့ ကဏ္ဍအလိုက် နည်းပညာဆိုင်ရာများ ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြကြသည်။ အာကာသနှင့် လေကြောင်း ပညာတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာသဲမောင် က မိမိတို့ကျောင်းမှ တီထွင်ထုတ်လုပ်သော မောင်းသူမဲ့ယာဉ် UAV များ၏ သရုပ်ပြပုံများနှင့် ဝန်ကြီးဌာနများအတွက် အကျိုးရှိစွာ အသုံးပြုခဲ့ပုံများကို နည်းပညာဆိုင်ရာ ရုပ်ပုံကားချပ်များဖြင့် တင်ပြဆွေးနွေးသွားပြီး EOS (Earth Observation Setellite) ကိုကိုယ်ပိုင် လွှင့်တင်နိုင်ရေး ကိစ္စများကိုလည်း ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


(သတင်းစဉ်)