ရန်ကုန် ဖေဖော်ဝါရီ  ၂၁

မြန်မာနိုင်ငံ ပြတိုက်များဥပဒေကြမ်းကို ပြင်ဆင်ဖြည့်စွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်(ရန်ကုန်) ဘက်စုံအစည်း အဝေးခန်းမ၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမျိုးသားပြတိုက်(ရန်ကုန်)နှင့် ရှေးဟောင်းသုတေသနှင့်အမျိုးသားပြတိုက်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ့သမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ၊ အငြိမ်းစားပညာရှင်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ က မြန်မာနိုင်ငံရှိပြတိုက်များ စတင်ဖြစ်ပေါ်လာပုံ၊ အမျိုးသားပြတိုက်ဥပဒေဖြစ်ပေါ်လာရေး ကြိုးပမ်းကြရာတွင် အုပ်ချုပ်သူများအဆက်ဆက် ဆွေးနွေးညှိနှိုင်းခဲ့ကြပုံများနှင့် ပြတိုက်များသည် အမျိုးအစားများခွဲ၍ အများပြည်သူကို ပညာပေးပြသဖွင့်လှစ်သော နေရာတစ်ခုဖြစ်ကြောင်း၊ ပြည်ပနိုင်ငံအချို့၏ အမျိုးသားပြတိုက် ဥပဒေကို ထည့်သွင်းရေးဆွဲထားသည်ကို တွေ့ရှိသကဲ့သို့ အချို့နိုင်ငံများတွင် အမျိုးသား ပြတိုက်ဥပဒေဟူ၍ သီးသန့်ရေးဆွဲထားကြောင်း၊ ထို့ကြောင့်  မြန်မာနိုင်ငံတွင်လည်း အမျိုးသားပြတိုက်ဥပဒေကို သီးသန့်ရေးဆွဲသင့်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက မြန်မာနိုင်ငံပြတိုက်များ ဥပဒေကြမ်းကို ပြင်ဆင်ဖြည့်စွက်နိုင်ရေးနှင့်စပ်လျဉ်း၍  ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်