နေပြည်တော်၊ နိုဝင်ဘာ၂၉
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၂၀/၂၀၂၄)၊ ရဲသူရတပ်ခွဲ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးသည် ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ခွဲအားစစ်ဆေးပြီး ဒုတိယရဲအုပ်လောင်းများက အနှေး လျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။ ယင်းနောက် ရဲချုပ်က အကောင်းဆုံး ကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း ဝေယံဦး၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ပိုင်ဇော်သက်၊ ဥပဒေဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဖူးအောင်၊ ကွန်ပျူတာဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဝင်းမြင့်ဆွေ၊ အင်္ဂလိပ်စာထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဝေယံဦးတို့ကို ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ရဲချုပ်က အမှာစကားပြောကြားရာတွင် “စိတ်ဓာတ်စည်းကမ်းကောင်းမွန်ပြီး ခံယူချက်၊ ယုံကြည် ချက်ပြည့်ဝ၍ ကျန်းမာကြံ့ခိုင်သော မျိုးချစ်စိတ်ဓာတ်နှင့် စွမ်းရည်ပြည့်ဝခေတ်မီသည့် ရဲအရာရှိငယ်များ ဖြစ်လာစေရန်” ဆိုသည့်ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ပေးပြီး ဒုတိယရဲအုပ်များအဖြစ် မွေးထုတ်ပေး နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောင်းဆင်းကြမည့် ဒုတိယရဲအုပ်များအနေဖြင့် နောင်တော် ရဲတပ်ဖွဲ့ဝင်များနည်းတူ ပြည်သူကိုအလုပ်အကျွေးပြုပြီး နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်မြဲရေးကို အသက်ပေး ကာကွယ်စောင့်ရှောက်တတ်သော ရဲတပ်ဖွဲ့ဝင်များအဖြစ်ခံယူကာ မိမိတို့ကျရာတာဝန်များကို ဦးလည်မသုန်ထမ်းဆောင် သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးအတွက် နောင်တော်တပ်မတော်နှင့်အတူ လက်တွဲ၍ စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန် များကို အောင်မြင်အောင် အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်ပေါ်လာသည့် မှုခင်းဖြစ်ရပ်မှန်ကို ဖော်ထုတ်ပြီး ကျူးလွန်သူအပေါ်ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အထောက်အထားပြည့်စုံစွာဖြင့် တရားစွဲ တင်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပြီး မှုခင်းကျဆင်းရေးအတွက် ပြည်သူလူထုအတွင်း တရားဥပဒေစိုးမိုး ရေးနှင့် မှုခင်းအသိပညာ ပေးခြင်းလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း။
တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် အကြမ်းဖက်အုပ်စုများသည် နိုင်ငံရေး၊ လူမျိုးရေး၊ ဒေသဖွံ့ဖြိုးရေး အကြောင်းအမျိုးမျိုးပြကာ ကိုယ်ကျိုးစီးပွားအတွက် တရားမဝင်စီးပွားရေးအဖြစ် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်မှုများသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှု စသည့် နိုင်ငံဖြတ်ကျော် မှုခင်းများနှင့် ဆက်နွယ်လျက်ရှိပြီး နိုင်ငံတော်၏လုံခြုံရေးကို ခြိမ်းခြောက်နေသည့်အပြင် လူသားမျိုးနွယ်စု တစ်ခုလုံးကို လူညွန့်တုံးစေနိုင်သည့်အတွက် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်သွားကြရန် တိုက်တွန်းမှာ ကြားလိုကြောင်း။
တပ်ဖွဲ့အသီးသီး၌ ခေါင်းဆောင်ငယ်များအဖြစ် စတင်တာဝန်ထမ်းဆောင်ကြရမည် ဖြစ်သည့်အတွက် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ရပ်၊ ရဲကျင့်ဝတ်အပါး ၇၀ တို့နှင့်အညီ လိုက်နာကျင့်ကြံနေထိုင်ပြီး ခေါင်းဆောင်မှု အရည်အသွေးများကို ကောင်းစွာသိရှိနားလည်ကာ မိမိတပ်ဖွဲ့က ယုံကြည်အားကိုးရသည့် ရဲအရာရှိကောင်း များဖြစ်လာရန်လိုအပ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ စွမ်းရည်ပြည့်ဝ ထက်မြက် နေစေရန်အတွက် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် လေ့ကျင့်ရေးမူဝါဒနှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ရဲလုပ်ငန်းစနစ်များ၊ စစ်နည်းဗျူဟာများနှင့် စစ်အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာနေရမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင် အားလုံး လေ့ကျင့်သားပြည့်ဝနေစေရန် တပ်ဖွဲ့အလိုက် တစ်ဦးချင်းကိုင်တွယ်ရမည့် လက်နက်နှင့် ရဲတပ်ဖွဲ့သုံး ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်ရေး လိုအပ်သည့်လေ့ကျင့်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ဆန်းသစ်ပြောင်းလဲတိုးတက်မှုနှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရန် အင်္ဂလိပ် ဘာသာစကား အပါအဝင် အခြားဘာသာစကားများ၊ ကွန်ပျူတာ၊ အင်တာနက်နည်းပညာဆိုင်ရာ ပညာရပ်များကိုလည်း ပိုမိုတိုးတက်ကျွမ်းကျင်အောင် စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ အမျိုးသမီးရဲအရာရှိများအနေဖြင့်လည်း မိမိတို့ရောက်ရှိ တာဝန်ထမ်းဆောင်ကြရမည့် လက်တွေ့နယ်ပယ်တွင် လေ့ကျင့်သင်ကြားပျိုးထောင်ပေးလိုက်သည့် ပညာရပ်များကို အခြေခံပြီး လက်တွေ့ ဘဝနှင့် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းဆင်းပွဲသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ပါမောက္ခချုပ် ဦးကျော်စိုး၊ ရဲထောက်ချုပ် ရဲမှူးချုပ်မြင့်တိုးနှင့် ရဲအရာရှိကြီးများ၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြပြီး အဆိုပါ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၂၀) ရဲသူရတပ်ခွဲတွင် တပ်တွင်းဘွဲ့ရ အမျိုးသား (၂၂၈)ဦး၊ တပ်တွင်းဘွဲ့ရ အမျိုးသမီး(၁၀၈)ဦး၊ စုစုပေါင်း (၃၃၆)ဦးတို့ကို သင်တန်း ဆင်းပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


