နေပြည်တော်  ၂၉   ဇူလိုင် 


မြန်မာနိုင်ငံအတွင်း ကျားများကျင်လည်ကျက်စားနေသည့် နယ်မြေသည် နိုင်ငံဧရိယာ၏ ၇ ရာခိုင်နှုန်းခန့်၊ ဧကအားဖြင့် (၁၂) သန်းကျော်ရှိပြီး လေ့လာမှုများအရ ကျင်လည်ကျက်စားသည့် နယ်မြေ (၈)ရာခိုင်နှုန်းအတွင်း အနည်းဆုံးကျား (၂၂) ကောင် ရှင်သန်ကျက်စားနေကြောင်း သစ်တောဦးစီးဌာနက ယနေ့ကျရောက်သည့် ကမ္ဘာ့ကျားများနေ့တွင် ထုတ်ပြန်သည်။


အဆိုပါအရေအတွက်သည် ကျားကျက်စားနယ်မြေ စုစုပေါင်း ၈ ရာခိုင်နှုန်းခန့်အတွင်း ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း တပ်ဆင်ခဲ့သည့် ကင်မရာထောင်ချောက်များမှ ရရှိသည့် ကျားမှတ်တမ်း ဓါတ်ပုံများကို တစ်ကောင်ချင်းစိစစ်ခွဲခြားရာမှ ရရှိသည့် အရေအတွက်ဖြစ်ကြောင်း သိရသည်။


“ကမ္ဘာပေါ်က ကျားရှိတဲ့ နိုင်ငံ (၁၃) နိုင်ငံသာရှိတဲ့အထဲမှာ မြန်မာနိုင်ငံက တစ်နိုင်ငံ အပါအဝင်ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်။ နိုင်ငံထဲမှာ အရည်အသွေး ကောင်းမွန်တဲ့ သစ်တောတွေရှိနေဆဲ ဖြစ်ပြီး ကျားတွေပေါက်ဖွားနိုင်နေသေးတယ် ဆိုတဲ့အချက်က အနာဂါတ်မှာ ကျားကောင်ရေတိုးပွားလာဖို့ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ကို ပိုမိုခိုင်မာစေပါတယ်။ မြန်မာ့အနာဂါတ်မျိုးဆက်တွေက အာရှရဲ့ အထင်ကရမျိုးစိတ်ဖြစ်တဲ့ ကျားတွေနဲ့အတူ ယှဉ်တွဲနေထိုင်းရင်း ဂုဏ်ယူနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကျားတွေကို ကာကွယ်ပေးဖို့နဲ့ သူတို့ပေါက်ဖွားရှင်သန်နိုင်ဖို့ လုံလောက်တဲ့ ကျက်စားနယ်မြေတွေရှိနေစေဖို့ အားလုံးပူးပေါင်းပြီး အထူးကြိုးစား လုပ်ဆောင်သွားကြရမှာပါ” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက ပြောကြားသည်။


မြန်မာနိုင်ငံအတွင်း ကျင်လည်ကျက်စားနေဆဲ ကျားများကို တန်ဖိုးထား ထိန်းသိမ်းရေးအတွက် ရည်ရွယ်၍ မြန်မာအနုပညာရှင်များကလည်း အနုပညာ လှုပ်ရှားမှု တစ်ခုကို ပြုလုပ်သွားရန် စီစဉ်လျက်ရှိသည်။


“အဖိုးတန် အနုပညာလက်ရာတွေလိုပါပဲ။ ကျားတစ်ကောင်ချင်းစီဟာ မြန်မာနိုင်ငံရဲ့ဂုဏ်ယူစရာ အမွေအနှစ်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေ၊ ဆက်စပ်ဌာနအဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ကျားတွေကို ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပါတယ်။ ကျားအပါအဝင် တောရိုင်းတိရစ္ဆာန်တွေကို အမဲလိုက်သတ်ဖြတ်တာတွေအားမပေးဖို့၊ ကိုယ်တိုင်လည်း မကျူးလွန်ကြဖို့နဲ့ ကျားတွေပိုင်ဆိုင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်တည်တံ့နေစေရေးအတွက်  ပြည်သူတွေအနေနဲ့လည်း အတူတကွ ကြိုးပမ်း ကြဖို့တိုက်တွန်း လိုပါတယ်” ဟု သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် က ပြောကြားသည်။


IUCN မှ ထုတ်ပြန်ထားသည့် ခြိမ်းခြောက်မှုခံနေရသော မျိုးစိတ်များစာရင်းတွင် ကျားကို မျိုးသုဉ်းရန် အန္တရာယ်ရှိသောမျိုးစိတ်အဖြစ် ထည့်သွင်းသတ်မှတ်ထားပြီး IUCN ၏၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်ခဲ့သော နောက်ဆုံးစစ်တမ်းအရ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ကျားများ မျိုးသုဉ်းသွားနိုင်ခြေရှိကြောင်း သိရသည်။ 


ထို့ပြင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် သဘာဝကျားကောင်ရေ ၄၀ဝ၀ အောက်သာရှိကာ အများစုမှာ အိန္ဒိယတွင် ဖြစ်ပြီး အရှေ့တောင်အာရှအနေဖြင့် မကြာသေးမီ ဆယ်စုနှစ်များအတွင်းက သဘာဝကျားကောင်ရေ တရှိန်ထိုးကျဆင်းမှု နှင့်အတူ ကျားများမျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရှိရ သည်။ 


(သတင်းစဉ်)