မြန်မာနိုင်ငံရှိ ကိုရီးယားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဘင်္ဂလားဒေ့ရှ်သို့ ပြောင်းရွှေ့မည်ဆိုခြင်းမှာ ဟုတ်မှန်ခြင်းမရှိကြောင်း DICA ညွှန်ချုပ်ပြော

မြန်မာနိုင်ငံရှိ ကိုရီးယားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဘင်္ဂလားဒေ့ရှ်သို့ ပြောင်းရွှေ့မည်ဆိုခြင်းမှာ ဟုတ်မှန်ခြင်းမရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။

 

နိုဝင်ဘာ ၅ ရက်က ဘင်္ဂလားဒေ့ရှ် မီဒီယာ bdnews 24.com တွင် တောင်ကိုရီးယား ကုမ္ပဏီ လုပ်ငန်း ပေါင်း ၁၀ဝ ခန့် မြန်မာနိုင်ငံမှထွက်ခွာပြီး ဘင်္ဂလားဒေ့ရှ်တွင် အခြေချလုပ်ကိုင်ရန် စီစဉ်နေသည်ဟု ဘင်္ဂလားဒေ့ရှ် စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့ BEZA ကပြောကြောင်း  ဖော်ပြထားသည်။

 

သို့ဖြစ်၍ ယင်းဖော်ပြချက်မှာ လုံးဝမဟုတ်ကြောင်း နိုဝင်ဘာ ၆ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။

 

"ဒီလိုရင်းနှီးမြှုပ်နှံမှုတွေက လွယ်လွယ်ကူကူနဲ့ဖြစ်လာတာ မဟုတ်ပါဘူး။ အကြိမ်ကြိမ် ဆွေးနွေးတိုင်ပင်ပြီးတော့မှ စက်မှုဇုန်ဆိုတာ ဖော်ဆောင်ရတာဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေနဲ့လည်း လုပ်ငန်းမစတင်ခင်မှာလည်း လိုအပ်တဲ့ အကူအညီတွေ ဆောင်ရွက်ပေးတယ်။ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့နေရာမှာလည်း လွယ်ကူချောမွေ့အောင် လုပ်ဆောင် ပေးတယ်။ ဒါကြောင့်မို့လို့ ကိုရီးယားရင်းနှီးမြှုပ်နှံ သူတွေအနေနဲ့ အဆိုပြုချက် တင်ပြထားတာတွေ ရှိပြီးတော့ လာရောက်စုံစမ်းလျက်ရှိတဲ့လုပ်ငန်းတွေက ဆက်ပြီးတိုးတက်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု မိန့်တွေပြန်အပ်နှံတာမျိုး၊ ရင်းနှီးမြှုပ်နှံမှုတွေ ရွှေ့ပြောင်းသွားတာမျိုး လုံးဝမရှိဘူးဆိုတာ ပြောလိုပါ တယ်"ဟု ဦးသန့်စင်လွင် က ပြောသည်။

 

အဆိုပါကိစ္စနှင့်ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က မြန်မာနိုင်ငံရှိ ကိုရီးယား စီးပွားရေးသံမှူးနှင့်တွေ့ဆုံ ဆက်သွယ်မေးမြန်းရာတွင်လည်း သံမှူးက ယင်းထွက်ပေါ်ခဲ့သော သတင်းသည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဘင်္ဂလားဒေ့ရှ်ဘက်တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းပြောကြားမှုအပေါ် ရာနှုန်းပြည့်မထောက်ခံကြောင်းကို ပြောကြားခဲ့ကြောင်း  ဦးသန့်စင်လွင်က ပြန်လည်ပြောကြားသည်။

 

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကလည်း ကိုရီးယားသံအမတ်ကြီးနှင့် ဆက်သွယ်ပြောဆိုပြီးဖြစ်ကာ ယင်းသတင်းသည် သတင်းမှားသာဖြစ်ကြောင်း ဦးသန့်စင်လွင်က ဆက်ပြောသည်။

 

အဆိုပါ သတင်းကို ဖြေကြားခဲ့သည့် Korea Industrial Complex Co Ltd (KIC) ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ ရင်းနှီးမြှုပ်နှံရန်အတွက် လာရောက်စုံစမ်းခဲ့မှု ရှိသော်လည်း လုပ်ငန်းလုပ်ကိုင်ရန် ကြိုးစားခဲ့ခြင်းမျိုးမရှိကြောင်း သိရသည်။

 

"KIC က မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းလုပ်ဖို့ စက်မှုဇုန်ထောင်ချင်ပါတယ်။  အဲဒါနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို ကျွန်တော့်ကိုမေးပါတယ်။ မေးတဲ့အချိန်မှာ ရှင်းပြခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကျွန်တော်တို့နဲ့ ပြန်မတွေ့တော့ပါဘူး။ အမြဲတမ်းအတွင်းဝန်၊ အပေါ်က ဒီထက်ကြီးတဲ့လူတွေကို သွားတွေ့ပါတယ်။ ဒါပေမယ့် သူကတွေ့ဆုံမေးမြန်းရုံပဲရှိပါတယ်။ ဘယ်မှာမှလုပ်ဖို့လို့ ကြိုးစားခဲ့ခြင်း မရှိပါဘူး။ ကျွန်တော်တို့သိသလောက်ကတော့ ဒီကုမ္ပဏီက ၂၀၁၆ ခုနှစ်က စတည်ထောင်ထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒီကုမ္ပဏီက မြေဦးပြီးတော့မှ မြေကိုပြန်ရောင်းစားတဲ့ ကုမ္ပဏီမျိုး တွေ့ရှိရပါတယ်။

 

စွပ်စွဲတာမဟုတ်ပါဘူး။ ကျွန်တော်တို့လေ့လာတွေ့ရှိချက်အရ ဒီလိုမျိုးသုံးသပ်ရပါတယ်။ ဒါကြောင့်မို့လို့ ဒီ KIC ကုမ္ပဏီရဲ့ ပြောကြားချက်တွေက တရားမဝင်ဘူးဆိုတဲ့အကြောင်းကို ကျွန်တော်တို့အစိုးရပိုင်းက ပြန်လည်ပြောကြားလိုပါတယ်"ဟု ဦးသန့်စင်လွင် က ပြောသည်။

 

လက်ရှိ  မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်၏  သုံးသပ်မှုများ ကောင်းမွန်လာသည့်အချိန်မျိုးတွင် ယင်းကဲ့သို့ သတင်းမျိုး ပေါ်ထွက်လာခြင်းမှာ ဝါဒဖြန့်ခြင်းမျိုးဖြစ်သည့်အပြင် နိုင်ငံရေးအရလည်း ပါဝင်သည်ဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။

 

ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံတွင် ဆဋ္ဌမမြောက် အကြီးဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး စီမံကိန်းပေါင်း ၁၇၉ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏအားဖြင့် အမေရိကန်ဒေါ်လာ လေး ဘီလီယံခန့်ရှိကာ  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၄ ဒသမ ၈၆ ရာခိုင်နှုန်းအထိရှိကြောင်း၊  ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံရာတွင်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ၁၀ ခုရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ပထမနေရာတွင် ရှိကြောင်း၊ ကုန်ထုတ် လုပ်မှုကဏ္ဍတွင်လည်း စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ဒုတိယနေရာတွင်ရှိကြောင်း၊ စက်မှုဇုန်ကဏ္ဍတွင်လည်း စက်မှုဇုန်နှစ်ဇုန်ရှိကြောင်း သိရသည်။

 

ထို့ပြင် မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုများ အင်တိုက်အားတိုက်ဝင်ရောက်ရန် ဆောင်ရွက်လျက်ရှိရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက (၃၅) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံတွင် နိုဝင်ဘာလ ၅ ရက်နေ့ထိ တက်ရောက်ခဲ့ပြီး ယင်းထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးဖြစ်သော (၁၄) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် ကိုရီးယား စီးပွားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ အလွတ်သဘော ဆွေးနွေးခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ယခုနိုဝင်ဘာလအတွင်း ကိုရီးယားနိုင်ငံ ဘူဆန်တွင် ပြုလုပ်မည့် Korea Asian Special Summit ကို တက်ရောက်ရန် ဖိတ်ကြားထားသည့်အတွက် မြန်မာနိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်များ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

Nyein Nyein

 

IMG_20