နေပြည်တော် စက်တင်ဘာ ၅
မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၌ The Pagoda Digital Directory ပြုလုပ် ထားရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန(ယဉ်ကျေးမှု)၊ အမျိုးသားပြတိုက်၊ နေပြည်တော်၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဘုရားစေတီဂေါပကအဖွဲ့ဝင်များ၊ IT ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်၊ မန္တလေးမြို့ မဟာမြတ်မုနိဘုရား၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ကျိုက်ထီးရိုးစေတီတော်၊ ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်၊ အာနန္ဒာဘုရား၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်၊ မကွေးမြို့ မြသလွန်ဘုရား၊ ပြည်ရွှေဆံတော်ဘုရား၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ သျှစ်သောင်းဘုရားတို့၏ ဂေါပကအဖွဲ့များအနေဖြင့် သက်ဆိုင်ရာဘုရားများ၏ သတင်းအချက်အလက် အကြောင်းအရာများ၊ ဘုရားသမိုင်းများနှင့်ပတ်သတ်၍ Digitalize ပြုလုပ်ရေး၊ Touch Screen များ အသုံးပြု၍ အများပြည်သူ အလွယ်တကူသိရှိအောင် ခေတ်မီနည်းပညာများ အသုံးပြုရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြ တိုက်ဦးစီးဌာနလက်အောက်ရှိ ပြတိုက်များတွင် ပြသပစ္စည်းများအား Digital စနစ်ဖြင့်ပြသနိုင်ရေး၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးရှိ ပြတိုက်များနှင့် ရှေးဟောင်းနေရာများအား ဦးစီးဌာန Website မှတစ်ဆင့် တစ်နေရာတည်းတွင် လေ့လာနိုင်ရေး၊ ရှားပါးပစ္စည်းများအား 3D ရိုက်ကူး၍ အသေးစိတ်ကြည့်ရှုနိုင်ရေး နှင့် Virtual Tour စနစ်ဖြင့် ပြတိုက်များကို လေ့လာနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေသည်ကိုလည်း ရှင်းလင်းသွားမည် ဖြစ်ကြောင်း၊
ဘုရားစေတီပုထိုးများနှင့် သာသနာရေးဆိုင်ရာ ပြတိုက်များတွင်လည်း The Pagoda Digital Directory ပြုလုပ်ထားရှိ ပြသနိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာနမှ ဆောင်ရွက်ထားရှိမှုများကိုလေ့လာပြီး မိမိတို့ဘုရားစေတီပြတိုက်များတွင် ဌာနနည်းတူ သို့မဟုတ် ပိုမိုကောင်းမွန်သည့် The Pagoda Digital Directory ကိုဖန်တီးပြီး မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်များကို နိုင်ငံတကာအဆင့်မီ Digital ခေတ်မီနည်းစနစ်များဖြင့် ပြသနိုင်ခြင်းဖြင့် ပြည်သူလူထုနှင့် ကမ္ဘာလှည့်ခရီးသွားများ မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ သတင်းအချက်အလက်များ ပိုမိုပြည့်စုံစွာ အလွယ်တကူ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ က The Pagoda Digital Directory အကောင်ထည် ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာစေတီ၏ တည်နေရာပြမြေပုံ၊ ဘုရားသမိုင်း၊ သက်ဆိုင်ရာမြို့သမိုင်း၊ Tourism လမ်းကြောင်းပြမြေပုံ၊ သက်ဆိုင်ရာ ဘုရား၊ စေတီပရိဝုဏ်အတွင်းသွားရောက် ဖူးမြော်ကြည်ညိုလေ့လာရမည့်နေရာများ၊ နေရာတစ်ခုချင်းစီ၏ အကြောင်းအရာရှင်းလင်းချက်များ၊ မြန်မာမှုအနုလက်ရာ ပန်းဆယ်မျိုးတို့ဖြင့် ထုံမွှန်းတည်ဆောက် လှူဒါန်းပူဇော် ကိုးကွယ်ခဲ့မှုများကို ကြည်ညိုသဒ္ဓါပွားများ ဂုဏ်တက်စေမည့်ပြကွက်များ၊ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ဗုဒ္ဓသာသနာတော်အရှည်ခန့်၍ တည်တံ့အောင် ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်မှုများအပေါ် အမျိုးဂုဏ်၊ ဇာတိဂုဏ်ဖြစ်ပေါ်စေသည့်ပြကွက်များ ပြည့်စုံစွာ ပါဝင်နိုင်ရေးတို့အတွက် ဘုရား၊ စေတီများမှဂေါပကများ၊ ကျွမ်းကျင်သူများ၊ ယခင်တာဝန်ယူ ဆောင်ရွက်ခဲ့ဖူးသောပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာမြို့များရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ကျွမ်းကျင်သူများ၊ IT ပညာရှင်များဖြင့် စနစ်တကျဖွဲ့စည်းသွားရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က The Pagoda Digital Directory နှင့်ပတ်သက်၍ သရေခေတ္တရာနယ်မြေနှင့် အမျိုးသားပြတိုက် (နေပြည်တော်) တို့တွင် လက်ရှိဆောင်ရွက်လျက်ရှိသော Digital Directory ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအေးထွန်း က တက်ရောက်လာကြသည့် ဘုရား၊ စေတီ ဂေါပက အဖွဲ့များအနေဖြင့် The Pagoda Digital Directory နှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် ရွှေတိဂုံစေတီတော်တွင် ပြုလုပ်ထားမှုကို နမူနာရယူဆောင်ရွက်နိုင်ပါကြောင်း၊ လုပ်ငန်းပြီး မြောက်အောင်မြင်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ သက်ဆိုင်ရာ ဘုရားဂေါပကအဖွဲ့များက ဆွေးနွေးကြပြီး ပြည်ရွှေဆံတော် ဂေါပကအဖွဲ့မှ ပြည်မြို့၊ ကွန်ပျူတာတက္ကသိုလ်က လှူဒါန်းထားသော Digital Information System ဆောင်ရွက်မှုကိုတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က နိဂုံးချုပ်အမှာစကားပြောကြား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အတိုင်း The Pagoda Digital Directory ပြုလုပ်ထားရှိနိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့၏ အကြံပြုချက်များနှင့်အတူ တက်ရောက်လာကြသော ဘုရား၊ စေတီဂေါပကအဖွဲ့ဝင်များ၊ ITပညာရှင်များနှင့် ဆက်လက်ဆွေးနွေခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်