၃ ဇူလိုင်
နိုင်ငံတော်၏ စီးပွားရေးကို မြှင့်တင်ရာ၌ ပြည်ပရင်းနှီးမြှုပ်နှံမှု ရရှိရေးသည်လည်း အရေးကြီးသောလုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဝင်ရောက်လာရေးအတွက် ပိုမိုဆွဲဆောင်နိုင်စွမ်းရှိစေရန် ခြေလှမ်းသစ်များကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ဤခြေလှမ်းသစ်များကို ကြည့်ခြင်းဖြင့်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သန္နိဋ္ဌာန်ချကြိုးပမ်းဆောင်ရွက်နေခြင်းကို ပေါ်လွင်ထင်ရှားစေပါသည်။
ရင်းနှီးမြှုပ်နှံမှုဥပဒေအရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က တာဝန်ယူစိစစ်ရမည့်လုပ်ငန်းများအတွက် ရက်ပေါင်း ၆၀ အတွင်း အပြီးဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့က ခွင့်ပြုလိုက်သည့်လုပ်ငန်းတို့ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရက်ပေါင်း ၃၀ အတွင်း အပြီးထပ်ဆင့် စိစစ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းအမျိုးအစား နှစ်မျိုးစလုံးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၁၀ ရက်အတွင်း ခွင့်ပြုမိန့်ထုတ်ပြန်ပေးရမည် ဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှုဥပဒေအရ သတ်မှတ်ထားသည့် အထက်ဖော်ပြပါ အချိန်ကာလသတ်မှတ်ချက်များထက် ပိုမိုဆောလျင်စွာ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ပါသည်။
ဤကဲ့သို့ ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးကို စီစဉ်ဆောင်ရွက်ရာ၌စည်းမျဉ်း စည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများ လွယ်ကူရှင်းလင်းမှုရှိရေးသည် အခြေခံလိုအပ်ချက်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် လက်ရှိအနေအထားထက် စည်းမျဉ်း စည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများ ပိုမိုလွယ်ကူရှင်းလင်းမှုရှိလာစေရန် ဆတက်ထမ်းပိုးအာရုံစိုက် ဆောင်ရွက်တော့မည်ဖြစ်ပါသည်။ ကုမ္ပဏီတို့က သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းတို့ကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန် အရေးကြီးသကဲ့သို့ အဆိုပါကုမ္ပဏီတို့ထံမှ ရသင့်ရထိုက်သောအခွန်တို့ကို ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ရရှိနိုင်ရေးသည် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ လက်ရှိရင်ဆိုင်နေရသော အခက်အခဲတစ်ရပ်မှာ ကုမ္ပဏီမှတ်ပုံတင်နံပါတ်နှင့် အခွန်မှတ်ပုံတင်နံပါတ်တို့ မတူညီခြင်းကြောင့် အခွန်ထမ်းဆောင်ရာ၌ ရှုပ်ထွေးကြန့်ကြာမှုများ ရင်ဆိုင်ရလျက်ရှိပါသည်။သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ကုမ္ပဏီများအခမဲ့ ပြန်လည်မှတ်ပုံတင်နိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုများ မြန်ဆန်သွက်လက်လာစေရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းအားလုံးကို လာမည့်ဩဂုတ်လနှောင်းပိုင်းမှစတင်၍ အွန်လိုင်း၌ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က စိစစ်ခွင့်ပြုပြီး လုပ်ငန်းတို့ကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနက ထပ်ဆင့်စိစစ်ခွင့်ပြုရာ၌ နှောင့်နှေးကြန့်ကြာမှုမရှိ ချောမွေ့မြန်ဆန်စေရန် ပြည်ထောင်စုဝန်ကြီးဌာနအလိုက် စံလုပ်ငန်းဆောင်ရွက်မှုအစီအစဉ် (Standard Operation Procedure) တို့ကို ချမှတ် ပြဋ္ဌာန်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဤခြေလှမ်းအသစ်များသည် တိုင်းပြည်စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်၍ ကြိုဆိုဂုဏ်ပြုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။
မြန်မာ့အလင်း